Friday, June 3, 2016

မျောက်ကုန်သည်"

"မျောက်ကုန်သည်"
။။။။။။။။။။။။။။။။။။။။။။

တစ်ရံရောအခါက ရွာတစ်ရွာတွင် လူတစ်ယောက်ရောက်လာပြီး
မျောက်တစ်ကောင် ငွေ ၅၀၀၀ နှင့် ဝယ်မည်ဟု ကြေငြာသည်။

ရွာသားများလည်း မျောက်ပေါသည့်နယ်ဖြစ်သဖြင့်
တောထဲသွားပြီး မျောက်ဖမ်းကြသည်။

ထိုလူလည်း မျောက်ကောင်ရေ ထောင်ချီပြီး
တစ်ကောင် ၅၀၀၀ နှုန်းဖြင့် ဝယ်လိုက်သည်။

မျောက်များ
အလွယ်တကူ ဖမ်းမရတော့ချိန်တွင် ရွာသားများလည်း
ဆက်မဖမ်းတော့ပေ။

ထို့နောက် ထိုလူပင် ထပ်ကြေငြာသည်။

မျောက်တစ်ကောင်
၁၀,၀၀၀ ဖြင့်ဝယ်မည်ဟု

ရွာသားများလည်း မျောက်များကို
ခဲရာခဲဆစ် ဖမ်းရောင်းကြပြန်သည်။

မျောက်တွေ တော်တော်ကြီး
ရှားသွားတော့မှ ရွာသားများ လက်လျှော့သည်။

ထိုလူလည်း ဆက်ဝယ်မည်ဆို၏။

ဈေးက တစ်ကောင် ၁၅,၀၀၀ ပေးမည်။ မျောက်များရှားသွားလိုက်သည်မှာ
ဖမ်းဖို့ မပြောနှင့် မြင်ရဖို့တောင် အနိုင်နိုင်ဖြစ်သွားသည်။

နောက်ဆုံး ထိုလူ ထပ်ကြေငြာသည်။

မျောက်တစ်ကောင် ၅၀,၀၀၀ ပေးမည်တဲ့။

သို့သော် သူ ခရီးသွားစရာရှိသဖြင့် အရောင်းအဝယ်ကိစ္စကို
သူ့လက်ထောက်နှင့်လုပ်ရန် မှာသွားသည်။

ထိုလူသွားသော် လက်ထောက်က ရွာသားများကိုပြောသည်။

"ဒီလိုလုပ် ခင်ဗျားတို့ မျောက်လည်းရှာမတွေ့တော့ဘူးဆိုတော့
ကျွန်တော် ဂွင်တစ်ခုပေးမယ်။

ကျွန်တော့် ဆရာဝယ်ထားတဲ့
မျောက်တွေ တွေ့တယ်မဟုတ်လား။

ကျွန်တော် ခင်ဗျားတို့ကို
တစ်ကောင် ၃၀,၀၀၀ နဲ့ ပြန်ရောင်းပေးမယ်။

ဆရာပြန်လာမှ
သူ့ကို ခင်ဗျားတို့ ၅၀,၀၀၀ နဲ့ရောင်းပေါ့။
၂၀,၀၀၀ တောင်မှမြတ်မှာနော်။
ခင်ဗျားတို့ကို စေတနာရှိလို့ အကြံပေးတာပါ။"

ရွာသားများလည်း ရှိသမျှပိုက်ဆံထုတ်ပြီး တိုးဝှေ့ဝယ်ကြရာ
မျောက်တစ်ကောင်တောင် မကျန်ချေ။

ထိုနေ့မှစ၍ ရွာသားများလည်း ဆရာနှင့် လက်ထောက်ကို
ထပ်မတွေ့ရတော့ပဲ
"ဘယ်နေရာကြည့်ကြည့် တွေ့ရသည်မှာ
မျောက်များသာဖြစ်လေသည်။"

(Chilly Chan - Chilly's Joke Corner)

********************************************************

“လူတစ်ယောက်ဟာ မရသင့်တဲ့ ပစ္စည်းကိုလောဘကပ်နေပြီဆိုရင်
ထိုသူ အလိမ်ခံရဖို့ နီးစပ်နေပါပြီ ။

သတိသာ ထားဖို့ပြင်ပေတော့ ။
ဘာလို့လဲဆိုရင် လူလိမ်တွေက လောဘနဲ့မျှားပြီး
ကတုံးပေါ် ထိပ်ကွက်တတ်လို့ပါပဲ ။”

credit to ....... ပြည်မြန်မာ
သုခ ချမ်းမြေ့ ပြန်လည်ဝေမျှသည်။

Tuesday, May 24, 2016

ခင်ဖြူ

မဖတ်ရသေးသူတွေ...
ဖတ်စေချင်လို့ ပြန်ကူးပြီး
တင်ပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းလေးဟာ အပြင်ကလူပေါင်း သုံးသောင်းကျော်ရဲ့ ရင်ကိုလှုပ်ခတ်သွားစေခဲ့ပြီး မျက်ရည်ကျစေခဲ့ပါတယ်တဲ့။

မနုဿ က ဒါလေးကိုပဲ ပြန်လည်ရေးသားတင်ပြလိုက်တဲ့အခါ ဘယ်နှစ်ယောက် ခံစားသွားရမလဲ သိချင်ပါတယ်။ ကျေးဇူးပြုပြီး စာကြောင်းရေတိုင်းကို စိတ်နှစ်ပြီး အဆုံးထိဖတ်ပေးပါ။

ဖတ်ပြီးသွားတဲ့အခါ နောက်ဆိုဖုန်းတောင် ပိတ်ရက်တော့မှာ မဟုတ်လောက်တော့ဘူး ထင်ပါတယ်။ သူငယ်ချင်းတွေကို ပြန်လည်ဝေမျှပေးလိုက်ပါဦးနော်။

●●●●●●●●●●●

၂၀၀၇ ခုနှစ် ၇လပိုင်း ၂၉ ရက်နေ့ မှာ ခင်ဖြူနဲ့ ခင်ဖြူတို့ချစ်သူနှစ်ဦးစလုံး နေထိုင်ရာ နယ်မြို့လေးမှာပဲ ဘွဲ့ရရှိခဲ့ကြပါတယ်။

ဘွဲ့ရတဲ့နေ့မှာ ခင်ဖြူ ဆုံးဖြတ်ချက်ချလိုက်တာကတော့ ကျွန်မတို့နှစ်ယောက် ဒီနယ်မြို့လေးမှာ ဆက်ပြီးနေထိုင်မယ်ဆိုရင် တိုးတက်မှာ မဟုတ်တဲ့အတွက် မြို့ကြီးပြကြီးမှာ အလုပ်လုပ်ရင်း ကျောင်းတက်ဖို့ပါပဲ ။

ခင်ဖြူ ကိုကို့ကို ခင်ဖြူစဉ်းစားထားလေးကို ပြောပြဖြစ်ခဲ့ပါတယ်။ စဉ်းစားထားတယ်ဆိုတာထက် ခင်ဖြူလုပ်ကိုလုပ်တော့မဲ့ အလုပ်တစ်ခုကို ပြောပြခဲ့ပါတယ်။ အဲ့ဒီနေ့က ကိုကို့ရဲ့မျက်နှာမှာ ထပ်ဟပ်သွားတဲ့ ၀မ်းနည်းရိပ်လေးကို ခင်ဖြူဖတ်မိလိုက်ပေမဲ့ မသိချင်ယောင်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ခင်ဖြူ့ကို အရမ်းချစ်တဲ့ ကိုကိုက ခင်ဖြူဖြစ်ချင်သမျှကို အမြဲလိုက်လျောပေးလေ့ရှိတဲ့အတိုင်း ခင်ဖြူသွားရင် ကိုကိုကတော့ ဒီမြို့လေးမှာပဲ နေခဲ့ပါ့မယ်။ ခင်ဖြူမြို့ကြီးရောက်သွားလို့ အသစ်တွေ့သွားရင်သာ ကိုကို့ကို ဖုန်းဆက်လှမ်းပြောနော် ကိုကိုလည်း ဒီမှာ အသစ်တစ်ယောက်ရှာလို့ရအောင် ဆိုပြီး ဟန်သရုပ်နဲ့ ကိုကိုခင်ဖြူ့ကို ပြန်ပြီး စနောက်ခဲ့ပါတယ်။

ကိုကို့ဆီက ဒီလိုစကားမျိုးကြားရတော့ ခင်ဖြူဝမ်းနည်းပြီး မျက်ရည်ကျတဲ့အခါကိုကိုက အရူးမလေး ကိုကိုက စတာပါကွာ ၊ ခင်ဖြူ အလုပ်သွားလုပ်မှာတော့ ခင်ဖြူ့မိဘတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ကိုကိုကတော့ နေခဲ့ရတော့မှာပေါ့။ ဒါကြောင့်မို့ ကိုကိုက နေခဲ့မယ်လို့ ပြောရတာပါ ဆိုတော့ ခင်ဖြူဝမ်းနည်း ၀မ်းသာဖြစ်ခဲ့ရပါတယ်။ သူ့ကိုအရမ်းချစ်တဲ့ သူကလည်း အရမ်းချစ်ရတဲ့ ကိုကို့ကို မခွဲနိုင်တဲ့စိတ်က ပိုတိုးသွားရပါတယ်။

ဒီလိုနဲ့ ခင်ဖြူ ဟောဒီမြို့ကြီးမှာ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတစ်ခုတက်ရင်း ကုမ္ပဏီတစ်ခုမှာ ကြီးကြပ်ရေးမှူးတစ်ယောက် အနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ နေ့စဉ် အလုပ်နဲ့ကျောင်းနဲ့ အဆောင်နဲ့ သံသရာတွေထဲမှာ ကိုကို့နဲ့တော့ ဖုန်းအဆက်သွယ်မပြတ်ခဲ့ပါဘူး ။

တစ်နေ့ ခင်ဖြူ အင်တာနက်မှာ အမှတ်မထင်ဆောင်းပါးလေးတစ်ပုဒ် ဖတ်မိလိုက်ရပါတယ်။ သမီးရည်းစားနှစ်ယောက်ကို ရည်ညွန်းဖွဲ့ဆိုထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။

ခင်ဖြူ ဒီဇာတ်လမ်းထဲက အကြောင်းရာလေးတစ်ခုကိုတော့ သေချာဖတ်မိလိုက်ပါတယ် အဲဒါကတော့ စုံတွဲလေးတစ်တွဲဖုန်းပြောကြတိုင်း ကောင်လေးဟာ အမြဲလိုလို ကောင်မလေးကို ဖုန်းအရင်ချခိုင်းခဲ့ပါတယ်။ ကောင်မလေးဖုန်းချပြီးတော့မှ သူလည်းဖုန်းချလေ့ရှိတယ်ဆိုတဲ့ အကြောင်းလေးတစ်ခုပါပဲ ။

ခင်ဖြူ့စိတ်ထဲထင်တာ အရမ်းချစ်တဲ့သူက ဖုန်းအရင်မချရဘူးပေါ့။ ကိုကို့ကို ခင်ဖြူအရမ်းချစ်တယ်လေ ဒီတော့ နောက်ဆို ခင်ဖြူဘယ်တော့မှ ဖုန်းအရင်မချတော့ဘူးပေါ့ ။ အမြဲလိုလို ကိုကိုဖုန်းချခိုင်းတိုင်း ခင်ဖြူအရင်ချမိတော့ ကိုကိုက ခင်ဖြူ့ကိုပိုချစ်လို့ အရင်ချခိုင်းခဲ့တာတွေးပြီး မျက်ရည်ကျမိခဲ့ပါတယ်။

အဲ့ဒီည ကိုကိုနဲ့ဖုန်းတွေပြောကြတော့ ထုံးစံတိုင်း ကိုကိုကခင်ဖြူ့ကို ဖုန်းအရင်ချစေခဲ့ပါတယ်။ ခင်ဖြူလဲ နေ့လည်က ဖတ်မိတဲ့စာတိုင်းပဲ ကိုကိုအရင်ဖုန်းချဆိုပြီး ပြန်ပြောမိပါတယ်။ ကိုကိုက အရူးမလေး ဖုန်းချတာပဲ ဘယ်သူချချ တူတူပဲမဟုတ်လား ဆိုတော့ ခင်ဖြူလည်း မရဘူးဆိုပြီး အတင်းဂျီလိုက်တော့ ကိုကိုလည်း အလျှော့ပေးပြီး ဖုန်းချသွားပါတယ်။ ခင်ဖြူလည်း ကိုကိုဖုန်းချသွားတော့မှာ လှိုက်လှိုက်လှဲလှဲ ပြုံးမိလိုက်ပါတယ်။ ခင်ဖြူ့ကိုကို့ကို အရမ်းချစ်ပါတယ်။

အဲ့ဒီနေ့ကစပြီး နောက်ပိုင်းကိုကို့ဆီက ဖုန်းလာတိုင်း ခင်ဖြူကိုကို့ကိုပဲ ဖုန်းအရင်ချစေခဲ့ပါတယ်။ ကိုကိုကလည်း ခင်ဖြူ့လိုကျ အမြဲတမ်းအရင်နှုတ်ဆက်ပြီး ဖုန်းချပေးခဲ့ပါတယ်။

ဒါပေမဲ့ ကြာလာတဲ့အခါ ခင်ဖြူ့စိတ်ထဲမှာ နည်းနည်းတော့ ခုလာပါတယ်။ သူ့ဘက်ကချည်း ဖုန်းအရင်ချတာခံရတာ အောက်တယ်လို့ ခံစားလာရပါတယ်။ ကိုယ်ကတော့ ကိုကို့ကိုချစ်လွန်းလို့ အမြဲဖုန်းချခိုင်းခဲ့တာ ။ ကိုကိုရော ခင်ဖြူဖတ်မိလိုက်တဲ့ အင်တာနက်ကစာလေးကို မဖတ်မိဘူးလားလို့ တွေးမိပါတယ်။

ခင်ဖြူစိတ်ထဲ သိမ်ငယ်သလိုဖြစ်လာလို့ ဖုန်းချလိုက်တဲ့အခါမှာ မျက်ရည်တောင်ကျမိပါတယ်။ ကိုကိုကရော ခင်ဖြူ့လောက် မချစ်ဘူးလားဆိုတဲ့ အတွေးကြီးက ၀င်လာခဲ့ရပါတယ်။
ဒါပေမဲ့ ခင်ဖြူ့စိတ်ထဲကသိမ်ငယ်မှုကို ကိုကို့ကို ထုတ်မပြမိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဖြူက ကိုကို့ကိုအရမ်းချစ်တယ်လေ ဒီတော့ ဒီတိုင်းလေးပဲ တိတ်တိတ်လေးခံစားပြီး ချစ်သွားတော့မယ်ဆိုပြီး တွေးလိုက်ပါတယ်။

ခင်ဖြူကိုကို့ရဲ့ အားပေးစကားတွေနဲ့ အဝေးကဂရုစိုက်မှုတွေနဲ့ ကြိုးစားလိုက်လိုက်တာ ဘွဲ့တစ်ခုထပ်မံရရှိခဲ့ပါတယ်။ အလုပ်ထဲမှာလည်း ထိုက်သင့်တဲ့နေရာတစ်ခုရတဲ့အခါ တိုက်ခန်းလေးတစ်ခု ငှားပြီးနေထိုင်ခဲ့ပါတယ်။
အထီးကျန်လွန်းတဲ့ နေ့ရက်တွေကို အားတင်းပြီး တဖြည်းဖြည်းဖြတ်ကျော်ခဲ့ပါတယ်။ တော်သေးတာက နေ့တိုင်းကိုကို့ဆီ ဖုန်းသံလေးတွေ ကိုကို့ရဲ့ခင်ဖြူပေါ်ထားတဲ့ စိတ်ကလေးတွေကြောင့် ခင်ဖြူအားတင်းနေခဲ့ပါတယ်။

တစ်နေ့ဆောင်းညသန်းခေါင်မှာ ခင်ဖြူအခန်းထဲမှာ အိပ်မလို့ပြင်နေတုန်း လှေကားခွင်နားမှာ လူတစ်စုအိမ်အ၀မှာ တီးတိုးတိုင်ပင်တဲ့အသံတွေ ခင်ဖြူကြားလိုက်မိတော့ အတော်လေးကြောက်သွားမိပါတယ်။

ရုတ်တရတ် ဘာလ်ုလို့ဘာကိုင်ရမှန်းလဲ မသိတော့ပါဘူး ။ နေတာကလည်းတစ်ယောက်တည်းဆိုတော့ ဘယ်သူ့ကိုအကူညီတောင်းရမလဲမသိတော့ပါဘူး။ အော်ဟစ်လိုက်လို့ လူတွေမရောက်လာခင်မှာပဲ အန္တာရယ်ပြုခံရမှာကိုလည်း စိုးရိမ်မိသွားတယ်။ ရာသီဥတုအေးနေတာတောင် ကြောက်လွန်းလို့ချွေးစေးတွေနဲ့ တုန်လှုပ်နေမိပါတယ်။

ခင်ဖြူလည်း အသံလည်းမထွက်ရဲတော့ ကိုကိုဆီကို မတ်ဆေ့ခ်ျလေးတစ်စောင် ပို့လိုက်ပါတယ်။ အကျိုးကြောင်းကို ခပ်တိုတိုပြောလိုက်ပါတယ်။ ချက်ချင်းဆိုသလို ကိုကို့ဆီက မတ်ဆေ့ခ်ျလေးတစ်စောင် ပြန်ဝင်လာပါတယ်။ သူ့ကိုဖုန်းခေါ်လိုက်ဖို့နဲ့ ခင်ဖြူဘက်က ဘာသံမှမထွက်ပဲနဲ့ စပီကာကိုဖွင့်ပြီး အသံကိုဂိတ်ဆုံးတင်ထားပေးပါတဲ့။

ခင်ဖြူလည်း ကိုကိုပြောတဲ့အတိုင်း လုပ်လိုက်တော့ ကိုကိုက ဖုန်းထဲကနေ ဘယ်ကောင်တွေလဲကွ အိမ်ရှေ့မှာလာပြီး ဆူဆူဆူဆူနဲ့ဖြစ်နေတာ ဆိုပြီးအကျယ်ကြီးထအော်ပါတယ်။ အပြင်ကလူတွေလည်း လန့်ဖြန့်ပြီး ၀ုန်းဝုန်းဝုန်းဝုန်းနဲ့ ဆင်းပြေးသွားတဲ့ ခြေလှမ်းတွေကြားလိုက်မိပါတယ်။ ခင်ဖြူလည်း အဲ့တော့မှ ခင်ဖြူလည်း သက်မတစ်ချက်ချရင်း ရှိုက်ကြီးတငင်ငိုကြွေးလိုက်မိပါတယ်။

ကိုကိုလည်း ဖုန်းထဲကနေ အရူးမလေး ကိုကိုရှိနေတာပဲကို ခုသူတို့ တွေလည်း မရှိတော့ဘူးမဟုတ်လား ဘာမှမကြောက်နဲ့တော့နော်တဲ့။ ကိုကို့ရဲ့ဖုန်းထဲက အသံလေးကလည်း ခင်ဖြူကို အားရှိစေခဲ့ပါတယ်။

ဒါပေမဲ့ ခင်ဖြူ့စိတ်ထဲမှာ ထင်မိတာက ကိုကိုက ဟိုဇာတ်လမ်းထဲက ကောင်လေးလောက်တော့ ခင်ဖြူ့ကို မချစ်ဘူး၊ ဒါကြောင့် ခင်ဖြူဖုန်းအရင်ချတာကို လက်ခံနေတယ်ပေါ့။

ခင်ဖြူ့မှာ အမြဲလိုလို ဖုန်းမေ့ကျန်တတ်တဲ့ အကျင့်လေးရှိပါတယ်။
တစ်ခါတစ်လေ ရုံးသွားရင် အိမ်မှာကျန်ခဲ့တာမျိုး ၊ ထမင်းစားချိန် ခုံပေါ်မှာကျန်ခဲ့တာမျိုးလေးတွေပေါ့ ။ ပိုဆိုးတာက တစ်ခါတစ်လေ ရောက်လေရာအရပ်မှာ ချထားရင် ကျန်ကျန်ခဲ့တာမျိုးတွေလည်း ပါပါသေးတယ်။

အဲ့ဒီအခါမျိုးမှာ ကိုကိုဖုန်းဆက်တဲ့အခါ လွတ်သွားတာမျိုးကိုကို့မတ်ဆေ့ခ်ျတွေကို အချိန်လွန်မှ ပြန်လိုက်ရတာမျိုးတွေ ဖြစ်ခဲ့တာအကြိမ်ကြိမ်ပါပဲ။ အဲဒါတွေအားလုံးကို ကိုကိုတစ်ခါမှာ ခင့်ဖြူ့ကိုအပြစ်တင်စကားလေးတောင် မဆိုပဲ အရူးမလေး စိတ်ပူရအောင်မလုပ်နဲ့ နောက်ကိုဖုန်းကို ဂရုတစိုက်ဆောင်ဆိုပြီး ပဲ မှာခဲ့ပါတယ်။

ဒီလိုဘာမဟုတ်တဲ့ ပေါ့ဆမှုတစ်ခုဟာ ခင်ဖြူ့ဘ၀တွက် ကောင်းကင်ပြိုကျတဲ့အဖြစ်မျိုး ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနေ့က မုန်တိုင်းဝင်ပြီး မိုးကြီးလေကြီးတွေကျပြီး ကောင်းကင်ကြီးမှောင်မိုက်နေတဲ့ နေ့တစ်နေ့ပေါ့…

နေ့လည်ထမင်းစားချိန်ရောက်တော့ အပြင်ကကောင်းကင်ကြီးကို ကြည့်ပြီးခင်ဖြူ့စိတ်ထဲမှာ ကိုကို့ကို အရမ်းသတိရမိလို့ ဖုန်းခေါ်ဖို့ဖုန်းရှာလိုက်တော့ ထုံးစံအတိုင်း ဖုန်းကအိမ်မှာကျန်နေခဲ့ပါတယ်။

အလုပ်စားပွဲနားပြန်ထိုင်လိုက်ရင်း ကွန်ပြူတာထဲမှာ တက်လာတဲ့အင်တာနက်သတင်းလေးမှာ မုန်တိုင်းသင့်တဲ့နေရာမှာ ခင်ဖြူ့တို့နယ်လေးလည်း ပါနေတာကိုတွေ့တော့ ခင်ဖြူ့စိတ်ထဲ ကိုကို့ကို အရမ်းစိတ်ပူသွားမိပါတယ်။

ခင်ဖြူ့တစ်အိမ်လုံးက ဘုရားဖူးထွက်နေတဲ့အတွက် ခင်ဖြူနည်းနည်း စိတ်သက်သာရပေမဲ့ အိမ်စောင့်ပေးနေတဲ့ ကိုကို့ကိုမြင်ယောင်ရင်း တစ်ကိုယ်လုံးပူထူသွားပါတယ်။ လက်ကလည်း ခုံပေါ်မှာရှိတဲ့လိုင်းဖုန်းကနေ ကိုကို့ဖုန်းကို လှမ်းခေါ်လိုက်ပါတယ်။ စက်ပိတ်ထားပါတယ်တဲ့။ နောက်အိမ်ဖုန်း …………. ဘယ်လိုမှဆက်လို့ လိုင်းမ၀င်ပါဘူး။ ခင်ဖြူဘာမှမပြောနိုင်ပဲ အိမ်အပြေးလွှားပြန်ပြီး ကြုံရာကားနဲ့ နယ်ပြန်မယ်ဆိုပြီး ခင်ဖြူရုံးကနေ အိမ်ကိုပြန်သွားခဲ့ပါတယ်။

တိုက်ရှေ့ရောက်တော့ အပြေးအလွှားတက်ပြီး အိမ်တံခါးဖွင့်ပြီး အခန်းထဲရောက်တော့ ခင်ဖြူအရင်ဦးဆုံး ဖုန်းလေးကိုဖွင့်ကြည့်မိလိုက်တဲ့အခါ ထင်ထားတဲ့အတိုင်းပဲ ကိုကို့ဆီက Missed call က ရာကျော်၊ မတ်ဆေ့ခ်ျတွေက အစောင် ၅၀ ကျော် …..

“အချစ်ဆုံး ခင်ဖြူရေ… အရူးမလေး ကိုကိုပထမဦးဆုံး ပြောချင်တာက ကိုကိုခင်ဖြူ့ကို ခင်ဖြူချစ်တာထက် ပိုချစ်တယ် ။ “

“ခင်ဖြူလေး ကိုကိုဖုန်းအရင်ချတာနဲ့ ပက်သတ်ပြီး စိတ်ခုနေတာသိပါတယ် ။ ခင်ဖြူကိုကို့ကို ဖုန်းအရင်ချဖို့ပြောကတည်းက ခင်ဖြူလည်းကိုကိုအင်တာနက်မှာ ဖတ်မိလိုက်တာလေး ဖတ်မိပြီဆိုတာ သိပါတယ်။ အဲဒါလေးဖတ်မိမိ မဖတ်မိမိ ကိုကိုအရင်ကတည်းက ခင်ဖြူဖုန်းချပြီးမှ ကိုကိုဖုန်းချခဲ့တာပါ။ ဒါပေမဲ့ ခင်ဖြူတကူးတက တောင်းဆိုကတည်းက ခင်ဖြူ့အလိုကို ကိုကိုလိုက်လျောမိလိုက်တာ ခင်ဖြူကိုခင်ဖြူ့လောက်မချစ်တာမဟုတ်ပါဘူး ခင်ဖြူ့ထက်ပိုချစ်လို့ ခင်ဖြူဖြစ်ချင်တာကို လိုက်လျောပေးလိုက်တဲ့သဘောပါ။ နောက်ပြီး ခင်ဖြူကပိုချစ်ကြောင်းပြချင်လို့ ဖုန်းအရင်ချတယ်ဆိုတော့ ကိုကိုအရမ်းလည်း ၀မ်းသာမိပါတယ်။ “

“ကိုကို နေ့တိုင်းနေ့တိုင်း ဖုန်းကျန်ခဲ့မှာအရမ်းစိုးရိမ်မိပါတယ် ။ ဘယ်တော့မှလည်း မကျန်ခဲ့အောင် သတိထားပြီး ယူပါတယ်။ တစ်ခါက ခင်ဖြူ့ညဘက်လန့်ရမဲ့အဖြစ်မျိုးကြုံရင် ကိုကိုချက်ချင်းရောက်မလာရင်တောင် တစ်ခုခုလုပ်ပေးနိုင်အောင် အကြံပေးနိုင်အောင် ကိုကိုသတိနဲ့ အမြဲဆောင်ပါတယ်။ အိမ်သာတက်တောင် ဖုန်းထားခဲ့ဖို့ စိတ်မဖြောင့်ခဲ့ပါဘူး ။ “

“ဖုန်းပိတ်ဖို့ မပြောနဲ့ ဖုန်းအားကုန်မှာကို အမြဲသတိနဲ့ စစ်ဆေးတတ်ပြီး ဘထ္ထရီတုံးအပိုအမြဲဆောင်ခဲ့ပါတယ် ခင်ဖြူ။”

“ညအိပ်ခါနီးရင်တောင် ခေါင်းအုံးနဲအနီးဆုံး နေရာမှာ ထားအိပ်တတ်ပါတယ်ခင်ဖြူ။ အိပ်ခါနီး ဖုန်းပိတ်နေမှာစိုးလို့ စစ်ဆေးမိတာကတော့ ညတိုင်းပါပဲ ခင်ဖြူရယ်။ နောက်ပြီး အမြဲလိုလို ဖုန်း Silent လုပ်ထားမိမှာ စိုးရိမ်နေတတ်ပါတယ် ခင်ဖြူ ။ကိုကိုစိတ်ပူတာက ခင်ဖြူအရမ်းကြောက်တဲ့အခါ၊ အားငယ်တဲ့အခါ၊ စိတ်မကောင်းဖြစ်လို့ ၀မ်းနည်းတဲ့အခါ ကိုကိုဆီကို အချိန်မရွေး ဆက်လို့မရမှာကိုပါပဲ။ “

“ခင်ဖြူက ကိုကို့ကိုချစ်လို့ ကိုကို့ကို ဖုန်းအရင်ချခိုင်းပါတယ်။ အဲ့လိုချခိုင်းတိုင်း ချခိုင်းတိုင်း ခင်ဖြူရဲ့ အချစ်တွေက ကိုကို့မျက်ဝန်းအိမ်ကို အမြဲစိုစွတ်စေခဲ့ပါတယ်။ ဒါပေမဲ့ ကိုကိုခင်ဖြူ့အတွက် ဆိုရင် ဖုန်းတောင်မပိတ်ရက်ခဲ့ပါဘူး ။ “

“အရူးမလေးရေ … ကြည့်ရတာ ကိုကိုခင်ဖြူ့ကို နောက်ပိုင်းအဖေါ်မလုပ်ပေးနိုင်တော့ဘူး ထင်တယ်။ ခုကိုကို့ကျောပေါ်မှာ ထုပ်တန်းကြီးပိနေတာ နှစ်နာရီကျော်ပြီ။ အရမ်းနာတယ် ခင်ဖြူရယ်။ ခြေထောက်မှာလဲ ပိမိလို့ သွေးထွက်နေတာပဲသိတော့တယ်။ နောက်ကျောနဲ့ ရင်ဘတ်တွေ ခြေထောက်တွေ နာလွန်းလို့ ကိုကိုအသံတောင်မထွက်နိုင်တော့ဘူး ။ ကိုယ့်သွေးနဲ့တောင် ကိုယ်ပြန်ရပြီး ညှီနေတယ် ခင်ဖြူ။ “

“ကိုကိုနာနေတဲ့ဒဏ်ရာထက် ခင်ဖြူ့ကိုအဖေါ်မလုပ်ပေးနိုင်မှာကို ပိုပြီး ၀မ်းနည်းလွန်းလို့ ခုမျက်ရည်ကျနေရတယ် အရူးမလေးရယ်။ “

“အရူးမလေးရယ် ဒီနေ့လည်း ဖုန်းကျန်ခဲ့ပြန်ပြီနဲ့တူတယ်။ နောက်ဆုံးချိန်မှာတောင် ခင်ဖြူ့အသံလေး ကြားချင်နေမိတယ် ။ ဖုန်းခေါ်တာလဲ မကိုင်ပါလား ခင်ဖြူရယ်။ ရုံးကိုဖုန်းမခေါ်ဖို့ ပြောထားဖူးတဲ့ ခင်ဖြူ့စကားကို ကိုကိုခုထိ လိုက်နာနေမိတယ်။ “

“ခင်ဖြူမကိုင်နိုင်တာပဲ ကောင်းပါတယ်။ ခင်ဖြူကိုကို့အသံကြားရင် ၀မ်းနည်းပြီး ငိုမှာ။ ကိုကိုအခု အသက်ရူလို့တောင် မ၀တော့ဘူး ခင်ဖြူ ။ ကိုကို့အသက်ရူသံကြားမိလားဟင်။ “

“အရူးမလေးရယ် နာလည်းနာတယ်၊ အေးလည်းအေးတယ်၊ ဖုန်းအလင်းရောင်လေးရှိလို့ တော်တော့တယ်။ ကိုကိုကျေးဇူးတင်ရမယ် ကိုကို့လက်တွေမပိပဲ ခင်ဖြူ့ဆီ ခုလို့စာလေးတွေပိုခွင့်ရလို့လေ။ “

“ခင်ဖြူ့အိမ်လေးတော့ အကုန်ပြိုကုန်လို့ ပြန်ဆောက်ရတော့မယ်။ အန်တီတို့တစ်မိသားစုလုံး ခရီးသွားနေလို့ တော်တော့တယ် ခင်ဖြူရယ် ။ လူဘာမှမဖြစ်ရင်ပဲ တော်လှပါပြီ ။ ခင်ဖြူအရမ်းစိတ်မကောင်းမဖြစ်နဲ့နော်။ ဒီတစ်ခါ အိမ်ဆောက်ရင် ရာသီဥတုဒဏ်ခံနိုင်အောင်ဆောက်နော်။ မနှမြောပါနဲ့ ခင်ဖြူ။ ခင်ဖြူနဲ့ကိုကိုလက်ထပ်ဖို့တွက် ကိုကိုအလုပ်လုပ်ပြီး စုထားတာလေး အိမ်ဆောက်တဲ့နေရာမှာ ထည့်သုံးလိုက်နော်။ “

“ခင်ဖြူ … ကိုကိုမရှိတော့ရင် အရမ်းဝမ်းနည်းမနေနဲ့နော်။ နောက်ပြီး တစ်ယောက်တည်း မနေပါနဲ့တော့နော် ခင်ဖြူ့အသက်လည်းမငယ်တော့ဘူး သင့်တော်တဲ့သူတစ်ယောက်ကို ရှာဖွေပါ ခင်ဖြူ။ ခင်ဖြူ့ကိုကာကွယ်ပေးနိုင်တဲ့ သူလည်းဖြစ်ပါစေနော်။ ကိုကို့ကို တကယ်ချစ်ရင် တကယ်အဖေါ်မွန်ကိုရှာပါ ။ ကိုကိုစိတ်ချပါရစေ။ “

“အရူးမလေး ကိုကို့ကို ကတိတစ်ခုပေးပါဦး။ ဒီတစ်ခါ ခင်ဖြူချစ်သူရသွားရင် ဖုန်းကျန်ခဲ့တာမျိုး မလုပ်ပါနဲ့နော်။ ပြီးတော့ ဖုန်းမကိုင်တာတို့ မတ်ဆေ့ခ်ျ မပြန်တာတို့လည်း မလုပ်ပါနဲ့ ။ ဘာလို့လဲဆိုတော့အဲ့ဒီခံစားချက်က ဘယ်လောက်ဆိုးလဲဆိုတာ ကိုကိုသိတယ်။ “

“ကိုကိုအသက်ရူလို့မ၀တော့ဘူး အရူးမလေးရယ် ။
နှုတ်ဆက်ခဲ့ပါတယ် ခင်ဖြူလေးရယ် ။ နောက်ဘ၀ကျရင် ကိုကိုခင်ဖြူနား လာခဲ့ပါဦးမယ်။”

“ချစ်ရတဲ့ ခင်ဖြူလေးရယ် ကိုကိုခင်ဖြူ့ကို အရမ်းချစ်ပါတယ် ။ ဖုန်းအရင်ချတဲ့အတွက် စိတ်ခုမနေနဲ့တော့နော်။ သူများရဲ့ အချစ်ဇာတ်လမ်းတွေကြည့်ပြီး အားကျမနေပါနဲ့ ခင်ဖြူ အဲ့ဒီဇာတ်လမ်းထဲက ကောင်လေးထက် ကိုကိုက အပုံကြီးသာပါတယ်။ နှိုင်းလို့တောင် မရအောင်ပါပဲ ခင်ဖြူ။”

“ခင်ဖြူ နေကောင်းအောင် ဂရုစိုက်ပြီးနေနော်။ “

“ခင်ဖြူ ……..”

“အရူးမလေး ….မငိုပါနဲ့နော်။”

“ကိုကိုအရမ်းချစ်တဲ့ခင်ဖြူရယ်…. နောက်ဆုံးအသံလေးကြားချင်လိုက်တာ။”

“ခင်ဖြူ ကိုကိုဘာမှ မမြင်ရတော့ဘူး ။ “

“ခင်......ဖြူ………………………………………………………..”

ခင်ဖြူ မတ်ဆေ့ခ်ျတွေ တစ်ကြောင်းပြီး တစ်ကြောင်းဖတ်ရင်း ရှိုက်ကြီးတငင်အော်ဟစ် ငိုကြွေးမိလိုက်ပါတယ်။
ခင်ဖြူ နောက်ကို ဘယ်တော့မှ ဖုန်းမပိတ်တော့ပါဘူး ………………………..။
ဘာမဟုတ်တာလေးတွေနဲ့လည်း မတိုင်းတာတော့ပါဘူး ……

Wednesday, April 20, 2016

အောင်မြင်သောဘ၀တစ်ခုကို ဖန်တီးခြင်း

အောင်မြင်သောဘ၀တစ်ခုကို ဖန်တီးခြင်း
How to Create Successful Life

သို့မဟုတ်

How to get out of the rat race!!!
(ကြွက်ပြေးလမ်းမှ လွတ်မြောက်နည်း)

1. Cause is greater than effect. C > E
--------------------------------------

ကမ္ဘာပေါ်မှာ လူ ၂ မျိုး ၂ စား ရှိပါတယ်။ တစ်မျိုးက Effect ဖက်မှာ နေထိုင်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်၊ ပတ်ဝန်းကျင်ကို အပြစ်တင်လိုက်၊ ကံတရားနဲ့ လောကကြီးကို အပြစ်တင်လိုက်နဲ့ နေကြတယ်၊ တစ်မျိုးကတော့ Cause ဘက်မှာ နေထိုင်ပြီး ကိုယ့်အခြေအနေကိုယ် 100 % Responsibility ယူကြတယ်၊ ဘယ်သူ့မှ အပြစ်မတင်ဘူး၊ အခြေအနေတစ်ခုကို မကြိုက်ရင် Content ကို ပြောင်းကြည့်တယ်၊ မရရင် Context ကို ပြောင်းတယ်၊ You cannot control the wind and you can adjust the sail ဆိုတဲ့အတိုင်း ဘယ်လို အခက်အခဲကြုံကြုံ အကောင်းဆုံး Response လုပ်တတ်ကြတယ်။

Cause side နဲ့ Effect Side ဘယ်ဖက်မှာ နေကြမလဲ …

သင်သာ Cause side မှာ နေဖို့ဆုံးဖြတ်ပြီးပြီဆိုရင်တော့ အောက်ကစာတွေကို ဆက်ဖတ်လို့ ရပါပြီ။

2. What do you love to do?
--------------------------
သင်ဘာကိုလုပ်ရတာ ကြိုက်လဲ၊ ဘာအလုပ်လုပ်ရရင် ပျော်နေတတ်လဲ ဆိုတာ သေချာစဉ်းစားပါ။

3. Set Your Life Vision, Mission and Goal
---------------------------------------
ပထမဆုံးအနေနဲ့ မိမိဘ၀မှာ လိုချင်သည့် Vision, Mission, Goal များ အရင်ဆုံး သတ်မှတ်ပါ။ SMART GOAL ဖြစ်ရန်လိုပါတယ်။

4. Earn Experiences first
------------------------
သင်ဝါသနာပါတဲ့နယ်ပယ်အတွက် လုံလောက်တဲ့ အတွေ့အကြုံများ ရယူပါ။ Alibaba Jack Ma ပြောသလို လစာများများရတာထက် Boss ကောင်းကောင်းရှိတဲ့ Small Business မှာဝင်လုပ်ပြီး သင်ယူတာ သင့်အတွက် ပိုကောင်းမှာပါ။

5. Improve your capacity (Business Skills,  Management Skill, Professional Skill, English or/and other languages, Internet skills)
--------------------------
သင့်ရဲ့ အနာဂါတ်လုပ်ငန်းအတွက် လိုအပ်လာမယ့် စီးပွားရေးနဲ့ စီမံခန့်ခွဲမှုအရည်အချင်းများ၊ အဓိကအသုံးပြုမည့် အတတ်ပညာ၊ အင်္ဂလိပ်စာ၊ အင်တာနက် စတဲ့ အရည်အချင်းများကို များနိုင်သမျှ များများ ဖြည့်ပါ။ သင်တန်းတွေ Seminar တွေ များနိုင်သမျှ များများ တက်ပါ။ ဆက်စပ်သည့် စာအုပ်များနိုင်သမျှ များများဖတ်ပါ။

6. Law of Attraction
---------------------
ခေါင်းထဲမှာ သင်လိုချင်တာနဲ့ လိုချင်တာကို ရရင်ဘာတွေဖြစ်လာမလဲကိုပဲ တွေးတွေးပြီးနေပါ။ မြင်ယောင်ကြည့်ပါ၊ ကြားယောင်ကြည့်ပါ၊ ခံစားကြည့်ပါ၊ သင်ဖြစ်ချင်သော နယ်ပယ်တွင် အောင်မြင်နေသူများနဲ့ပေါင်းပါ၊ သူတို့စာအုပ်များရှိလျှင် ဖတ်ပါ၊ ဖြစ်နိုင်လျှင် တစ်လလျှင် တစ်ဦးကျ ထမင်းဖိတ်ကျွေးပါ၊ အသင်းအဖွဲ့များ ၀င်ပါ။

7. Start Small business (Self-employed)
---------------------------------------
သင်တတ်ကျွမ်းသော ပညာကို အခြေခံသည့် လုပ်ငန်းတစ်ခုကို စလုပ်ပါ။ အောင်မြင်ခြင်း မအောင်မြင်ခြင်းအတွက် သင့်မှာသာ ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀တာဝန်ရှိပါတယ်။ Business လုပ်တယ်ဆိုတာ လူတွေကို ကူညီတာပါ။ ဘယ်လိုနည်းနဲ့ သင်လူတွေကို ကူညီနိုင်မလဲ။

8. Make money over your monthly expenditure
----------------------------------------------
လစဉ်ဝင်ငွေသည် လစာ အသုံးစရိတ်ထက် သာအောင်လုပ်ပါ။ ပိုက်ဆံရှာခြင်း၊ စုနိုင်ခြင်းသည် သင့်အပေါ်တွင်သာ မူတည်ပါတယ်။

9. Develop the management system that works without you.
-----------------------------------------------
မိမိလုပ်ငန်းကို ကိုယ်မပါပဲ လည်ပတ်နိုင်မည့် လုပ်ငန်းစနစ်များကို နားလည်တတ်ကျွမ်းသူများအကူအညီဖြင့် သတ်မှတ်ပါ။

10. Save Money as Financial Freedom Funds
------------------------------------------
အနာဂါတ်အတွက် ရင်းနှီးမြှုပ်နှံနိုင်ရန် ပိုက်ဆံများနိုင်သမျှ များများ ဖြစ်နိုင်လျှင် (အမြတ်) အသားတင်ဝင်ငွေ၏ လေးဆယ်ရာခိုင်နှုန်းခန့်ကို စုပါ။

11. Invest your money to buy shares in good companies
--------------------------------------------
စုထားသော ငွေကြေးများလာလျှင် နာမည်ကောင်းရှိသော ကုမ္ပဏီများတွင် ရှယ်ယာဝယ်ပါ။ (ရှယ်ယာ ကစားရန် မဟုတ်ပါ)။

12. Invest your money in real- estate
-------------------------------------
စုထားသော ငွေမှ အချို့ကို လစဉ်ငှားစားနိုင်သော အိမ်ခြံ မြေများတွင် ရင်းနှီးမြှုပ်နှံပါ။

13. Enjoy your life
-------------------
ဘ၀က တိုပါတယ်၊ အနှစ်သာရ ရှိရှိ ပျော်ပျော်ရွှင်ရွှင် နေပါ။ ကျန်းမာအောင် နေပါ၊ မိသားစုနဲ့ အဆင်ပြေအောင် နေပါ။

14. Give Back to the community
--------------------------------
သင်၏ အောင်မြင်မှုများ ပိုင်ဆိုင်မှုများ အချိန်များကို လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်အသုံးပြုပေးပါ။

လူတိုင်းလူတိုင်း Cause & Effect ကိုယ်ဘယ်အခြမ်းမှ နေမလဲ ဆုံးဖြတ်ပြီး ဘ၀ကို အောင်မြင်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။

အခက်အခဲတွေကြားမှာ သားကောင်တစ်ကောင်လို ညည်းတွားနေမလား … မရရအောင် ကြိုးစားမလား ရွေးချယ်နိုင်ပါတယ်။

Naing Win Aung
MBA (UK)
Certified NLP Master Coach
Certified Trainer
#KoNaingGyiNotes

(မှတ်ချက်။.        ။ အထက်ပါ အယူအဆများသည် သမာရိုးကျနည်းဖြင့် ကြိုးစားရင်း အောင်မြင်လိုသူများအတွက် ယခု စာရေးသူ၏ အတွေ့အကြုံနှင့် စာအုပ်များ သင်တန်းများတွင် လေ့လာမှုများမှ ရရှိသည့် ခံယူချက်များကို Share လုပ်ခြင်းသာ ဖြစ်ပါသည်)

ယခု Post တင်သူ၏ Page ဖြစ်ပါတယ် https://www.facebook.com/Naing-Win-Aung-2045373615603917/