Saturday, March 19, 2016

တပ်မတော်သားနှင့်ခြေဖ၀ါးတော်နုန

တပ်မတော်သားနှင့်ခြေဖ၀ါးတော်နုနု
.......................
စစ်သားများ၏ ခြေဖဝါးသည် မိန်းမပျိုများ၏ ပါးထက်နုသည်။ သို့သော် စစ်သားများသည် မိန်းမများထက် ဇွဲရှိ သည်။ဒီလိုပြောရင် ဆယ်ကျော်သက်အရွယ် မိန်းမပျိုများ သာမက မိန်းမတိုင်းက စိတ်ဆိုးကြလိမ့်မယ်။

စိတ်မဆိုးကြပါနဲ့။ စစ်သားတွေ ခြေဖဝါး တကယ်နုတဲ့ အကြောင်းနဲ့ နိုင်ငံတော်အရေးနဲ့ ပတ်သက်လာရင် တကယ် ဇွဲရှိတဲ့အကြောင်း ကျွန်တော်သက်သေ ထူပါ့မယ်။

ကျွန်တော်တို့စစ်သားတွေ ခြေဖဝါးတွေဘယ် လောက်နုသလဲဆိုရင် ကျွန်တော်တို့ စစ်သားတွေ ဖိနပ်မပါဘဲ လမ်းမလျှောက်နိုင်ကြပါ။ အထူးသဖြင့် ခဲပေါသော လမ်းများတွင် လမ်းမလျှောက်နိုင်ကြပါ။ မိန်းမတွေကတော့ ဖိနပ်မပါဘဲ ဘယ်လိုလမ်းမျိုး လျှောက်ရလျှောက်ရ မဖြုံပါဘူး။ ဒီနေရာတော့ သူတို့က သာသွားပါတယ်။ ဒါ့ကြောင့် ဘုရားတက်ရင် မိန်းမတွေက ရှေ့က ရောက်ကြပြီး စစ်သားတွေက နောက်က ကျန်ခဲ့ကြတယ်။ ဘုရားတက်တဲ့နေရာမှာ ယောက်ျားတွေ နောက်ကျန်ခဲ့တာ ဘုရားတက်ဖို့ စိတ်မပါလို့ မဟုတ်ပါဘူး။  ခြေဖဝါးတွေ နုလွန်းလို့ လမ်းကြမ်းမှာ မလျှောက်နိုင်ကြလို့ ပါလို့ ဆင်ခြေပေးရမှာပဲ။  ဒါပေမဲ့ ယောက်ျား တွေထက်  မိန်းမတွေက ဘုရားတရားကို ပိုပြီး ကြည်ညိုကြတာတော့ အမှန်ပါပဲ။ ဘုရားပေါ် ရောက်ရင် ဘုရားရှိခိုး၊ တရားထိုင်၊ ပုတီးစိပ်နေတဲ့ လူတွေကို ကြည့်လိုက်ရင် ကိုးဆယ့်ကိုး ရာခိုင်နှုန်းဟာ မိန်းမတွေပဲ ဖြစ်တာ တွေ့ရ ပါလိမ့်မယ်။ ဒါ့ကြောင့်လည်း နတ်ပြည်ကို မိန်းမတွေပဲ အရောက်များကြတယ်။ ယောက်ျားတွေကတော့ အနည်းအကျဉ်းပဲ ရောက်ကြတယ်ထင်တယ်။ နတ်ပြည်မှာ နတ်သားတစ်ယောက် နတ်သမီး တစ်ဖက်ငါးရာတဲ့။ နတ်သားတစ်ယောက်မှာ နတ်သမီး တစ်ထောင်ပေါ့။

ကျွန်တော်တို့ စစ်သားတွေ ခြေဖဝါးနုပေမယ့် ဇွဲရှိကြတယ်။  တာဝန်သိကြတယ်။ နိုင်ငံ့တာဝန်ကို ဦးဆွေးဆံမြည့် ဇွဲရှိရှိ လုပ်နေကြသူများ ဖြစ်ကြတယ်။

၁၉၆၁-၁၉၆၂ ခုနှစ်လောက်ကပေါ့ ။ ကျွန်တော်တို့ တပ်ရင်း မိုးတွင်းကြီးမှာ စစ်ဆင်ရေးတွေ မရပ်မနား  လုပ်ခဲ့ကြရတယ်။ ခိုင်းတဲ့လူကလည်း မနားတမ်းခိုင်းတယ်။ လုပ်ရတဲ့ သူတွေကလည်း မညည်းမညူ ဘာမှ ပြန်မပြောဘဲ ခိုင်းသမျှ လုပ်ကြတာပဲ။ ချေမှုန်းရမယ့်  ရန်သူကို မိဖို့ အရေးကြီးတယ် ဆိုတာ ရဲဘော်တွေ အားလုံးသိကြတယ်။

မေ၊ဇွန်၊ဇူလိုင်၊သြဂုတ် မရပ်မနား ဆက်တိုက်ပဲ ရဲဘော်တွေက ''ရက်ဆက်အောတိုက်ပဲ''လို့တောင် ပြောကြတယ်။သူတို့က ညစစ်ဆင်ရေး ညွှန်ကြားချက် လာရင် ''ရက်စ်အောရိုက်'' ''ဟုတ်ကဲ့ ကောင်းပါပြီ ခင်ဗျာ''လို့ ပြောရမယ့်အစား ''ရက်ဆက်အောတိုက်'' လို့   ပြောလိုက်ပုံက မှတ်သားစရာ ကောင်း လှပါတယ်။

ဒီနှစ် မိုးကလည်း များတယ်။ ရက်ဆက်အောတိုက်ပြီး ရွာနေတာပဲ။ ချောင်းတွေလည်း ရေပြည့်ပြီး ဒုံသမိ ချောင်းလို ချောင်းကြီးတွေ ဆိုရင် ချောင်းပုံ သဏ္ဌာန် ပျောက်လောက်အောင် ရေတွေလျှံနေတယ်။ ချောင်းတွေ ရေဘယ်လောက်ပြည့်ပြည့် ကျွန်တော်တို့မကူးနိုင်၊ မဖြတ်နိုင်တဲ့ချောင်း မြန်မာပြည်မှာ မရှိပါဘူး။ အင်မတန် ဇောက်နက်တဲ့ ဒုံသမိချောင်းလောက်တော့ ကျွန်တော်တို့ အပျော့။ ကျွန်တော်တို့မှာ သစ်ပင်လှဲဖို့ လွှတွေ၊ ပုဆိန်တွေပါတယ်။ ကမ်းပေါ်က သစ်ပင်တွေ လှဲပြီး တံတားလုပ် ကူးနိုင်ရင်ကူး၊ မကူးနိုင်ရင် ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းကို ကြိုးတန်းပြီး ကူးတယ်။ ဒီလိုကူးတဲ့ အခါ ရေကူးတတ်တဲ့ ရဲဘော်က ကြိုးစကိုကိုင်၊ တစ်ဖက်ကမ်းကိုကူး၊ သစ်ပင်ကိုချည်၊ ဒီဘက်ကမ်းက ကြိုးစတွေကိုလည်း သစ်ပင်မှာချည်၊ ရဲဘော်တွေ ကြိုးကိုကိုင်ပြီး ကူးကြတယ်။

ရေစီးအလွန်သန်တဲ့ သံလွင်မြစ်ကိုတောင် လှေကလေးတွေနဲ့ တစ်မျိုး၊ ဖောင်ဖွဲ့ပြီးတစ်မျိုး ကူးပြီး ရည်မှန်းချက်ကို အချိန်မီ ရောက်အောင် သွားနိုင်ခဲ့ကြတယ်။ မိုးရွာတာကိုတော့ ကျွန်တော်မကြောက်ပါဘူး။  မိုးကို ကျွန်တော်ချစ်တယ်။ မိုးရွာထဲ လမ်းလျှောက်ရတာ သိပ်ပျော်တယ်။ တစ်နေကုန် ရွာလေကောင်းလေပဲ။ အမောပြေတယ်။ ခြောက်သွေ့ရာသီမှာလို လှုပ်ရှားရမှု မမြန်ဆန်ဘူး။ အဟန့်အတား လေးတွေတော့ ရှိတာပေါ့။ မိုးရာသီလို သွားရေးလာရေး ခက်ခဲတဲ့ အချိန်မှာ ရန်သူကလည်း  ကျွန်တော်တို့တပ်ကို  မမျှော်လင့်ကြဘူး။ သူတို့မမျှော်လင့်တဲ့အချိန် ကျွန်တော်တို့က သူတို့ကို အနားမပေးဘဲ တောက်လျှောက် လိုက်နေရတာ ကျွန်တော်တို့ မမောနိုင်ကြပါ။

ကျွန်တော်တို့တပ် ရွာထဲစခန်းမချ။ ရွာကိုရှောင် ကြတယ်။ မတတ်သာမှသာ ရွာထဲ စခန်းချကြတယ်။ ဒါပေမဲ့ ရပ်ရွာလူထုတွေကတော့ ကျွန်တော်တို့ကို ရင်းနှီးနေကြတယ်။ ကျွန်တော်တို့မှာ တောတွင်း တောင်ပေါ် သင့်လျော်ရာ နေရာမှ စခန်းချကြဖို့ ပလတ်စတစ်လေးတွေ ပါကြတယ်။ မလုံမလဲ ပလတ်စတစ် တဲကလေးတွေနဲ့ အိပ်ရတာ ဆင်းရဲတာပေါ့။ တဲမရှိတဲ့ရဲဘော်တွေ ပလတ်စတစ်ကို ခြုံပြီးအိပ်ရတယ်။

ရွှံ့ထဲဗွက်ထဲလည်း အိပ်ရတယ်။ တစ်ခါတလေ ရေပေါ် အိပ်ကြရတယ်။ အောက်က ရေစီးနေတယ်။ လုံ ခြုံမှုကို လိုချင်ရင် အဆင်းရဲတော့ ခံရမှာပေါ့။

မိုးရွာတာ ကျွန်တော်ကြိုက်ပေမယ့် ကျန်းမာရေးဘက်က ကြည့်ကြည့်၊ သွားရလာရမှု အနေနဲ့ကြည့်ကြည့် မကောင်းပါဘူး။ ရဲဘော်တွေ ဖျားနာမှု ရှိလာတယ်။တောကထူတယ်။ ဗွက်တော  ရွှံ့တောတွေလည်း ရုန်းကြရတယ်။ ရေထဲလည်း လျှောက်ကြရတယ်။ လမ်းတွေချော်လွန်းလို့ တဖုန်းဖုန်း လဲကြတယ်။ တောင်ဆင်းတောင်တက် တွေမှာလည်း အခက်အခဲ ရှိကြတယ်။ ကျွတ်တွေကလည်း တွယ်သေးတယ်။  ကျွတ်တွေက ဘောင်းဘီအောက် စကို သရေကြိုးနဲ့ ချည်ထားတဲ့ကြားက ဘောင်းဘီထဲဝင်ပြီး မတော်တဲ့ နေရာမှာ တွယ်ကြတယ်။ တချို့အကောင်တွေက ဘယ်အချိန်က ဘယ်လိုရောက်လာတယ်မသိ။ ကုပ်ပေါ်ရောက်လာပြီး ကုပ်ကိုတွယ်ကြတယ်။နားရွက် နောက်ကိုလည်း တွယ်ကြတယ်။ ကျွတ်တွယ်တယ်ဆိုတာ နယ်နယ်ရရ မဟုတ်ပါဘူး။ ကျွတ်ကိုက်ထားတဲ့ နေရာမှာ တစ်လလောက်တော့ ယားနေတတ်တယ်။ ယားလို့ကုတ်ရင် အနာရင်း တတ်သေး တယ်။ ဖြုတ်တွေပေါတယ်။ ဖြုတ်ကိုက်တယ်ဆိုတာ သာ မညလို့ ထင်ကြပါလိမ့်မယ်။ ကျွန်တော်တို့အတွက်တော့ အကြီးကျယ်ဆုံး အနှောင့်အယှက် ပါပဲ။ ဖြုတ်တွေဟာ မျက်နှာရှေ့မှာ အစုလိုက် အပြုံလိုက် ဝဲနေကြပြီး မျက်စိထဲ ဝင်ကြတယ်။ မျက်မွေးလိမ် ပျားတွေနဲ့ အတူတူပါပဲ။ ဒီဖြုတ်ရန်တွေကို ကာကွယ်ဖို့ အဲ့ဒီနယ်မြေမှာ နေကြတဲ့ ကရင် အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ ဆေးတံသောက်ကြတယ်။ ဖြုတ်တွေကို မီးခိုးနဲ့ မှုတ်ပစ်ကြတယ်။ ကျွန်တော်တို့ မိုးတွင်းစစ်ဆင်ရေး လုပ်တိုင်း ခြေထောက် သဲဝဲစားလေ့ ရှိပါတယ်။ ဒီတစ်ခါ မိုးတွင်းစားတဲ့ သဲဝဲကတော့ အလွန်အမင်း ဆိုးလွန်းလှပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေရဲ့ခြေဖဝါး နုနုလေးတွေ အရေခွံ အကုန်လုံးကို စားပြီး သွေးစိမ်း ရှင်ရှင်ထွက်တဲ့အထိ ဒုက္ခပေးလိုက်ပါတယ်။

စစ်ဆင်ရေး လုပ်ရတဲ့ နယ်မြေတွေကတော့ ကျိုက်ထို၊ ဘီးလင်း အတွင်းပိုင်း နယ်မြေတွေပါပဲ။ နယ်မြေကို မစိမ်းပါဘူး။ အမြဲတမ်း ဝင်ထွက်သွားလာနေရလို့ နယ်မြေလူထုနဲ့လည်း ခင်မင်ရင်းနှီး နေကြတယ်။ ဘယ်ရွာကို ဝင်ဝင် ကိုယ့်အိမ်ကို ပြန်ရသလို ''အမိုးရေ''၊ ''ဖိုးခွားရေ''လို့ နှုတ်ဆက်ကြတဲ့ အသံတွေ ညံနေတယ်။ နယ်မြေလူထုနဲ့ ဘာကြောင့်ရင်းနှီး နေကြသလဲဆိုရင် ကျွန်တော်တို့ တပ်တွေက နယ်မြေလူထုကို မနှိပ်စက်ဘူး။ ရွာတစ်ရွာဝင်ရင် ရွာထဲက မကျန်းမာသူတွေ၊ ဖျားနာသူတွေကို ဆေးကုပေးတယ်။ ငတ်မွတ်နေသူ တွေကို ကျွေးမွေးပြု စုကြတယ်။ အချိန်ရရင် စိုက်ပျိုးရေး ကိစ္စတွေ ကူညီဆောင်ရွက် ပေးကြတယ်။ သူများပစ္စည်းကို အလကား မယူဘူး။ ဟင်းသီးဟင်းရွက်က အစ တန်ရာတန်ဖိုး ပေးဝယ်ကြ တယ်။ ဒါဟာပြည်သူ့ တပ်မတော်သားတွေ အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ကြတာ ပါပဲ။ သီးခြားစည်းရုံးရေး လုပ်ကြတာ မဟုတ်ပါဘူး။ လူတွေကို လူလိုပဲ ဆက်ဆံတယ်။ မိသားစုလို ဆက်ဆံတယ်။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး သံယောဇဉ်တွေ ဖြစ်လာကြတယ်။ ရွာသူ၊ ရွာသားတွေက ကျွန်တော်တို့ကို တပ်မတော်သားတွေလို့ သိကြတယ်။ တစ်ဦးချင်း မှတ်မိတာ လည်းရှိ။ မမှတ်မိတာ လည်းရှိ။ ''အမိုးကျွန်တော့်ကို သိသလား''လို့ မေးတဲ့အခါ ''နင်တို့နဲ့ ကျွဲနဲ့ အတူတူပဲ။ နင်တို့အားလုံး အစိမ်း။ ကျွဲတွေ အားလုံးအမည်း။ ငါတို့တော့ မမှတ်မိဘူးဟယ်'' လို့ ပြောကြတယ်။

ဒီနယ်မြေကို ကျွန်တော်တို့ ဘယ်လောက် မစိမ်းသလဲဆိုရင် ဘယ်နေရာ ဘယ်ရွာကို သွားခိုင်းသွားခိုင်း မြေပုံမပါဘဲ သွားနိုင်ကြတယ်။ မိုးတွင်း စစ်ဆင်ရေးကို ကျိုက်ထိုက စထွက်တယ်။ ကင်မွန်းချောင်းရွာမှာ စခန်းချတော့ ကျွန်တော်တို့ ဘုန်းကြီးကျောင်း အောက်မှာ အိပ်တယ်။ နံနက် ၃ နာရီ ရဲဘော်တွေ ထပြီး ထမင်းချက်ကြတယ်။ ဘုန်းတော်ကြီးရဲ့ ဘုရား ရှိခိုးသံဟာ သာယာကြည်နူးဖွယ် ကောင်းလွန်း၍ ယနေ့တိုင် ကျွန်တော့်နားတွင် စွဲနေမိသည်။ ကျွန်တော်တို့ တပ်ထုံးစံအတိုင်း ဘုရားကို အရုဏ်ဆွမ်းကပ်၊ ဘုန်းတော်ကြီးများကို အရုဏ် ဆွမ်းကပ်ပြီး ကျွန်တော်တို့ ဆက်ထွက်ခဲ့ကြတယ်။ အဲ့ဒီအချိန်တုန်းက ကင်မွန်းချောင်းတို့၊ ငှက်ပျောတောတို့၊ မဲရုံကြီးတို့၊ ဇီးပြောင်းတို့ဆိုတဲ့ ရွာတွေဟာ သောင်းကျန်းသူတွေရဲ့ နာမည်ကြီး နေရာတွေပဲ။ ဒီနေရာတွေ ရှင်းလင်းပြီး ကျိုက်ထီးရိုး တောင်ပေါ် တက်ခဲ့ကြတယ်။ ကျွန်တော်တို့ အဓိကရန်သူ တပ်မင်းလင်းထင်က ကျိုက်ထီးရိုး တောင်ပေါ်မှာလည်း တက်ပြီး ဇိမ်ခံနေတတ်တယ်။ ကျိုက်ထီးရိုးစေတီ ကျောက်တုံးကြီးမှာ ''တပ်မင်းလင်းထင်၊ တပ်မဟာ(၁)'' ဆိုတဲ့ ဆယ့်ရှစ်လက်မ လောက်ရှိတဲ့ စာလုံးကြီးတွေကို ရွှေချထားတယ်။

အဲ့ဒီစာလုံးကြီး တွေကို ကျွန်တော်တို့ ရဲဘော်တွေက ဖျက်ပစ်ပြီး ကျောက်တုံးကြီး တစ်ခုလုံးကို ရွှေချပစ်လိုက် ကြတယ်။ ကျိုက်ထီးရိုး တောင်ပေါ်ရောက်တော့ စေတီတော်ကြီးက ကြည်ညိုဖွယ်ရာ၊ သပ္ပာယ်စရာ ကောင်းလှလွန်းလို့ ရဲဘော်တွေက ပါလာသမျှ ပိုက်ဆံတွေနဲ့ ဘုန်းတော်ကြီး ကျောင်းကရောင်းတဲ့ ရွှေဆိုင်းတွေ ဝယ်ပြီး ရွှေသင်္ကန်းကပ်လှူ ပူဇော်ကြ တယ်။ ဘယ်လောက်တောင် ကြည်ညိုသဒ္ဓါတရား ပွားများကြသလဲဆိုရင် အရက်သမားတွေ အရက်ကိုလှူပြီး အရက်ဖြတ်ကြတယ်။ အရက်ဖြတ်တဲ့ အထဲမှာ တပ်ကြပ်ကြီး ထွန်းလှိုင်လည်း ပါတယ်။ ဒါပေမဲ့ ထွန်းလှိုင် တပ်ရင်းကို အနားပေး ပြန်ရောက်တဲ့ အချိန်မှာ အရက်မူးနေလို့ ဆုံးမရသေးတယ်။ သူက ကျိုက်ထီးရိုးမှာ အရက်လှူ ခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန် ရောက်တော့ အရက်မသောက်ဘဲ မနေနိုင်တာနဲ့ စီနီယာဖြစ်တဲ့ ရွှေတိဂုံဘုရားမှာ အယူခံဝင်ပြီး ပြန်သောက် ခဲ့ပါတယ်လို့ ဆင်ခြေပေး လိုက်မှပဲ နှာနုဖနောင့်နဲ့ ပေါက်ချင်စိတ် ပေါ်သွား မိတော့တယ်။

ကျိုက်ထီးရိုး တောင်ပေါ်က ရဲသောင်ဘက်ကို အဆင်းလမ်းမရှိဘူး။ မတ်စောက်နေတယ်။ မိုးကလည်း ရွာနေတော့ ဘရိတ်အုပ်လို့ မရဘူး။ ဖင်တရွတ်တိုက် ဆင်းလိုက်ရင် ပေသုံးလေးဆယ် လောက်တော့ အသာကလေး ရောက်သွားတာပဲ။ ရဲသောင်မှာ ရန်သူ မတွေ့တော့ ဘုန်းကြီးကျောင်းမှာ ကြိမ်ပုတီးတွေ ဝယ်ကြတယ်။ အမျိုးအစားလည်းကောင်း ဈေးလည်းသက်သာ လိုက်တာ စိပ်ပုတီး တစ်ကုံးတစ်ကျပ်ပဲ ပေးရတယ်။ အဲ့ဒီတုန်းက ဝယ်ခဲ့တဲ့ စိပ်ပုတီးလေး စိပ်ရလွန်းလို့ မှန်ရောင် တောက်နေပြီ။ ပနာတဲ(ကျွဲတဲ) ဘက်ရောက်တော့ တောထူတယ်။ ဗွက်များတယ်။ ဖြုတ်၊ ကျွတ်ပေါတယ်။

ရန်သူ(လင်းထင်) သတင်းရတဲ့ မာလာဖူး၊ နောက်ပြီး အလူးကြီး၊ အလူးကလေး၊ ပိုင်ဒဝယ်ခွင် တဲဘက် မွှေနေတုန်း မဲနသံခွင် ဆက်လိုက်ဖို့ ညွှန်ကြားချက် ရတာနဲ့ ပတ္တလားတောင်ကို ကျော်ပြီး နတ်ကြီးကို ချီတက် ရပြန်တယ်။ ပတ္တလားတောင်က ပေနှစ်ထောင် ကျော်လောက် ပဲမြင့်ပေမယ့် မတ်စောက်လွန်းနေလို့ သုံးလေးခါတော့ နားရတယ်။ ရဲဘော် အတော်များများ ပက်လက်လန်ပြီး အမောဆို့ နေကြတယ်။ ကျွန်တော့်တပည့် ကရင် ငကျော်ဆိုရင် စားပြီးသား ထမင်းတွေ အန်ထွက်တာ သံကောင်တွေ တောင်ပါလာတယ်။ ငကျော်တစ်ကောင် ပတ္တလား တီးနေပြီ ဟေ့လို့ ရဲဘော် တစ်ယောက်က နောက်ပြောင် လိုက်သေးတယ်။ မောရ၊ ပန်းရတဲ့ ကြားထဲက ဒီလိုရယ်စရာ ကလေးတွေလည်း ပြောတတ်ကြတယ်။ ရဲဘော် ကပတ္တလား မတီးရဘဲ ပတ္တလားက ရဲဘော်တွေကို တီးနေတာပေါ့။ နတ်ကြီးမှာ ကျွန်တော်တို့ ဖိနပ်တောင် မချွတ်အားပါဘူး။ ဘီးလင်းချောင်းကူးပြီး မဲနသံခွင်ထဲ ဝင်ကြတယ်။ မဲနသံခွင်ကတော့ မိုးတွင်းမှာ သွားရလာရတာ မကောင်းဆုံး နေရာဘဲ။ တောထူတယ်။ ဗွက်ထူတယ်။ ချောင်းငယ် မြောင်းငယ်တွေ များတယ်။ မဲနသံခွင်ထဲ ပြဲပြဲစင်အောင် မွှေရင်း၊ သဲဝဲစားတဲ့ ရဲဘော်တွေထဲက အခြေအနေ သိပ်ဆိုးတဲ့ လူတွေကို နောက်ချန်အဖွဲ့ တစ်ဖွဲ့ဖွဲ့ပြီး နတ်ကြီးကို ပို့ပေး လိုက်ရတယ်။

ကျွန်တော်တို့ နိုခဲရွာ၊ ဘလဲနုရွာက တစ်ဆင့် အရှေ့ဘက်က တောင်တန်းကို ကျော်လိုက်တော့ လော်ကတောရွာကို ရောက်သွားတယ်။ ရွာထိပ်ဇရပ်မှာ ''ဗမာရဲဘော်တို့ ငါတော့စားပြီး သောက်ပြီးလို့ ပြီးပြီ။ မင်းတို့ လိုက်ခဲ့ကြပေတော့'' လို့ လင်းထင်က စာရေး သွားတယ်။

ကျွန်တော်တို့ ပျဉ်းမပင်ဆိပ်ရွာ ဘက်လိုက်ကြရ ပြန်တယ်။ ပျဉ်းမပင် ဆိပ်ရွာကို ကရင်လို'' ထီးပါဒိုးထ'' လို့ ခေါ်တယ်။ ကရင်မကြီး တစ်ယောက်က ''ဖိုးခွားရေ နင်တို့ပဲလာလာ၊ တောကလူတွေ ပဲလာလာ ငါတို့ချီးပါနေတုန်း ထထပြေးရတယ်'' လို့ပြောလို့ ''ချီးပါတုန်းထ'' ရွာလို့ ရဲဘော်တွေက နာမည်ပေး လိုက်ကြပြန်တယ်။ ရဲဘော်တွေ ခြေထောက် သဲဝဲစားတဲ့ အခြေအနေက ပိုပြီး ဆိုးရွား လာပါတယ်။ အင်အား တစ်ဝက်ကျော်ဟာ လမ်းကိုမြန်မြန် ပင်မလျှောက် နိုင်ကြတော့ပါ။

အချို့တောင် ဝှေးပင်ကိုင် နေကြရပါပြီ။ ဖိနပ်ချွတ်ရသည့်ရက်၊ နားရသည့်ရက် မရှိသဖြင့် ခြေဖဝါးမှ အရေခွံများ အကွက်လိုက် အကွက်လိုက် မီးလောင်ဖု သဖွယ်ဖြစ်ရာမှ အရေခွံများ ဆွေးမြည့်ပြီး ကွာကုန်တယ်။

အချို့ရဲဘော် များ ခြေဖဝါးပြင် တစ်ခုလုံး အရေခွံပင် မရှိတော့ဘဲ အသားနီနှင့် ရဲရဲဖြစ်ကုန်တယ်။ အသားနုနဲ့ ဖိနပ်ပွတ်တိုက်မှုကြောင့် သွေးစိမ်းရှင်ရှင် ထွက်ကြတယ်။ ခရမ်းရောင်ဆေး (VIOLET JELLY) ပဲ လိမ်းစရာ ရှိတယ်။ ခရမ်းရောင်ဆေးကလည်း သဲဝဲကို သက်သာအောင် မကုနိုင်ပါ။ ကျွန်တော်တို့ စစ်ဆင်ရေးကို အရှေ့တောင်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ကွပ်ကဲ ညွှန်ကြားချက်အတိုင်း လှုပ်ရှားနေရခြင်း ဖြစ်ပါတယ်။ မြေပြင်မှာ ရတဲ့သတင်းအရလည်း တပ်ရင်းမှူး လုပ်ချင်တဲ့ လှုပ်ရှားမှုကိုလည်း လုပ်ခွင့်ပေးတယ်။ ဒါကြောင့် ရဲဘော်တွေ ခြေထောက် သဲဝဲစားနေသဖြင့် ပျဉ်းမပင် ဆိပ်မှာ တစ်ပတ်လောက် နားခွင့်ပေးဖို့ ခွင့်တောင်း လိုက်တယ်။ လူကြီးတွေက မယုံကြဘူး။ သဲဝဲစားတာများ တပ်ရင်းကြီး တစ်ရင်းလုံး လှုပ်ရှားမှု ရပ်သွားလောက်အောင် မဖြစ်သင့် ဘူးလို့ ပြောတယ်။ ရန်သူ ဒေါဇံကြီးမှာ ရှိနေတယ်။ ချီတက် ရှင်းလင်းပါလို့ ညွှန်ကြားတယ်။ ဒေါဇံကြီးမှာ အနည်းအကျဉ်းပဲ တိုက်ပွဲဖြစ်ပြီး ရန်သူတာဦးခီးဘက် ပြေးပြန်လို့ ဘောခီးတာ ဦးခီးဘက် ကို လိုက်ကြ ရပြန်တယ်။

ရဲဘော်တွေ ခြေထောက် တရွတ်တိုက် ဆွဲပြီး တောင်ဝှေးကလေးတွေ ကိုယ်စီနှင့် လမ်းလျှောက်ရင်း နာလွန်းလို့ မျက်ရည် တောက်တောက်ကျရတယ်။ ရန် သူ့သတင်းလည်း ပျောက်နေတယ်။ ကွီလေဘက် ပြေးသလိုလို၊ ကျသောင်းဆိပ် ဘက်ပြေးသလိုလို သတင်းရ သော်လည်း မသေချာ။ ဒုက္ခိတ တပ်ကြီးနှင့် ရန်သူနောက် အပြေးအလွှား လိုက်ဖို့လည်း မလွယ်ပါဘူး။ ရန်သူနှင့် တွေ့ပြီး တိုက်ပွဲ ဖြစ်ဦးတော့။ ကျွန်တော်တို့ ခံရဖို့သာ ရှိတယ်။ ဒါကြောင့် နတ်ကြီးကို ပြန်ဝင်ဖို့ ခွင့်တောင်း လိုက်တယ်။ နတ်ကြီးရောက်ပြီး နောက်တစ်နေ့ တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ဆေးမှူးကြီးတို့ နတ်ကြီးကို ဗာတောရဟတ်ယာဉ်နှင့် လာရောက် ကြတယ်။ ကျွန်တော့် ရဲဘော်တွေကို ဖိနပ်ချွတ်ပြီး အိပ်လျက်ပဲ တန်းစီထားတယ်။ တိုင်းမှူး တပ်ကို စစ်ဆေးတဲ့အခါ ခြေဖဝါးနုနု အသားနီရဲရဲ ကလေးတွေကို ထောင်ပြီး ပြခိုင်းတယ်။ အရေခွံလုံးဝ မရှိတော့တဲ့ ခြေဖဝါးကို ကြည့်ပြီး တိုင်းမှူးက အံ့သြနေတယ်။ ဒီလောက်တောင် အခြေအနေ ဆိုးရွားနေတာကို တိုင်းမှူးမသိတာ အမှန်ပါပဲ။ တပ်ရင်းကို နတ်ကြီးမှာ ခြေထောက်တွေ အနာပျောက်တဲ့ အထိအနားပေးဖို့ တိုင်းမှူးက အမိန့်ချ လိုက်ပါတယ်။ ကျွန်တော်တို့ ၁ဝ ရက်ပဲ အနားယူ ခဲ့ပါတယ်။ ကျွန်တော်တို့ ''အုတ်လှငယ်''လို ဦးဆွေးဆံမြည့် လုပ်ခဲ့ပါတယ် ဆိုတာ တိုင်းမှူး၊ ဒုတိယတိုင်းမှူးကို အစီရင်မခံ လိုက်ပါဘူး။ ဦးခေါင်းနဲ့ ခြေဖဝါး မနှိုင်းကောင်းလို့ ပါပဲ။ ကျွန်တော်တို့ ဆောင်းတဲ့ ဖိုက်ဘာ ဦးထုပ်က ချွတ်လို့ရလို့သာ ဦးဆွေးဆံမြည့် မဖြစ်တာပါ။ ဖိနပ်မချွတ်ရလို့ ခြေဖဝါးတွေကတော့ ဆွေးမြည့်နေပါပြီ။

ဦးဆွေးဆံမြည့် ဘုရင့်အမှုတော်ကို ထမ်းခဲ့တဲ့ အုတ်လှငယ်ရဲ့ ပုံကလေးကတော့ ပုဂံပြည် နရသီဟပတေ့မင်း လက်ထက်ကပေါ့ ရာဇသင်္ကြန် အမတ်ကြီးမှာ အုတ်လှကြီး၊ အုတ်လှငယ် ဆိုတဲ့ သားနှစ်ယောက် ရှိတယ်။ တစ်နေ့ဘုရင်က ရာဇသင်္ကြန် အမတ်ကြီးနဲ့ စစ်သူကြီး လေးဦးတို့ကို ခေါ်ပြီး မစ္ဆဂီရိအရပ်မှာ ပုန်ကန် ထကြွနေတာကို တိုက်ဖို့စေလွှတ် လိုက်တယ်။ တိုက်ပွဲမှာ သားနှစ်ဦးစလုံး ပါသွားကြတယ်။ မစ္ဆဂီရိကို ရဲမက်အလုံးအရင်းနှင့် ဝိုင်းထားပြီး ရိက္ခာပြတ်တဲ့  အတွက် ငတ်မွတ်ပြီး အညံ့ခံတယ်။ ဒီအကြောင်းကို မင်းကြီးအား သံတော်ဦး တင်ရန် အုတ်လှငယ်ကို စေလွှတ်လိုက်တယ်။ အုတ်လှငယ်ဟာ ခရီးပြင်းချီတက်ခဲ့တာ စလင်းကို ရောက်တယ်။ စလင်းက လှေငယ်နဲ့ နေ့ရောညပါ အပြင်းဆန်ခဲ့ပြီး ပုဂံမြို့ကို ရောက်ခဲ့တယ်။ မင်းကြီးလည်း သတင်းကြားချင်လို့ စောင့်နေတယ်။ အုတ်လှငယ်ကတော့ လာမေးတဲ့ သူကို အပြည့်အစုံ မပြောဘဲ သူရောက်လာကြောင်း ကိုသာ လျှောက်တင်ခိုင်း လိုက်တယ်။ မင်းကြီးလည်း အမျက်ထွက်ပြီး အုတ်လှငယ်အား သတ်ရန် အမိန့်ပေးတယ်။ အဲဒီအခါမှာ အုတ်လှငယ်က သူ့ဗောင်းထုပ်ကို ဖွင့်ပြလိုက်တဲ့အခါ ဦးခေါင်းက ဆံပင်တွေဟာ သန်းတွေနဲ့ ရောပြီး အထွေးလိုက် ကျလာသတဲ့။ အုတ်လှငယ်က သူဟာ ဦးဆွေးဆံမြည့် အမှုတော်ကို ထမ်းရွက်ပါကြောင်း၊ အခွင့်မသာ၍ စစ်သတင်းကို မပါးလိုက်ရကြောင်း လျှောက်ထားလိုက်မှ မင်းကြီးက ခွင့်လွှတ် ခဲ့တယ်တဲ့။

တိုင်းမှူးကလည်း ကျေနပ်၊ လူကြီးတွေကလည်း ကျေနပ်ကြတော့ ကျွန်တော့် အဖို့လည်း တစ်ချီတစ်မောင်း ဆင်နွှဲကြဖို့ တစ်အားတက် ကြပါတယ်။ အဲဒီမိုးတွင်းတုန်းက ကျွန်တော်တို့ ပထမသုံးလလုံးလုံး ဆက်တိုက် မနားဘဲ ကျွန်တော်တို့ကို အထူးတာဝန် ပေးထားတဲ့ အဓိက ရန်သူ လင်းထင်နဲ့ တပ်မဟာ(၁) နောက်ကို တကောက်ကောက် လိုက်ခဲ့ကြတယ်။ ရန်သူကလည်း ကျွန်တော်တို့ကို ရှောင်တယ်။ ရင်မဆိုင်ဘူး။ ဒါကြောင့် တိုက်ပွဲကြီးကြီး မားမားမဖြစ်ခဲ့ဘူး။ တိုက်ပွဲငယ် လောက်နဲ့ပဲ ပစ်ပြေးနောက်ကို လိုက်ရတာ လောက်ပဲရှိတယ်။ ရန်သူကရှောင်လေ ကျွန်တော်တို့ အတင်း လိုက်လေပေါ့။ ရန်သူ သတင်းကလည်း ဆက်တိုက်ရ တိုင်းမှူး၊ ဒုတိယတိုင်းမှူး တွေကလည်း ရတဲ့သတင်းတွေနဲ့ ညွှန်ကြား၊ ကျွန်တော်တို့ ကလည်း မြေပြင်ပေါ်ရတဲ့ သတင်းနဲ့ လှုပ်ရှားဆိုတော့ နားရက်မရှိ သလောက် ပါပဲ။ ကျွန်တော်တို့ နောက်ခဏ ပြန်ဆုတ်ကာ နတ်ကြီးမှာ နားပြီး ပြန်ထွက်မှပဲ ကွီလေမှာ တိုက်ပွဲကြီးတစ်ပွဲ တိုက်ရတော့တယ်။ ကျွန်တော်ရေးနေတာ တပ်မတော် အတွင်းက ကဏ္ဍငယ်လေး တစ်ခုသာ ဖြစ်ပါတယ်။ လုပ်ရိုးလုပ်စဉ် ဖြစ်ရပ်ကလေးသာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်လေး တစ်ခုကို သက်သေပြုပြီး ကျွန်တော်တို့ တပ်မတော် သားတွေဟာ နိုင်ငံတာဝန်ကို ဦးဆွေးဆံမြည့် ထမ်းဆောင်လျက် ရှိကြပါတယ် ဆိုတာကို ''ခြေဖဝါးတော်နုနု'' နှင့် မှတ်တမ်းတင် လိုက်ရပါတယ်။

ပြီးပါပြီ။
မိုးမိုးတာရောစန်

No comments:

Post a Comment