Saturday, March 19, 2016

တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန

တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်လှုပ်ရှားလျက်ရှိသော AA သောင်းကျန်းသူများကို တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိ
===============================================
နေပြည်တော်၊ ဇန်နဝါရီ - ၇
နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး အတွက်ဦးတည်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအား မကြာမီကျင်းပတော့မည်ဖြစ်ပါသည်။ လွတ်လပ်ရေးရရှိချိန်မှစတင်၍ နှစ်ပေါင်း ရှည်ကြာစွာဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းစေရန် ခေတ်အဆက်ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိုလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့က ဖိတ်ခေါ်ကြိုဆိုလျက်ရှိသည်။ NCA စာချုပ်လက်မှတ် ရေးထိုးပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများကို ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ရေးဆွဲကာ ဒီဇင်ဘာလ ၁၆ ရက်တွင် နိုင်ငံတော်သမ္မတထံ အပ်နှံခဲ့သည်။ NCA စာချုပ်အရ ယင်းမူဘောင်ကိုအခြေခံပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ကျင်းပနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရန်အတွက် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် စုစည်းကြိုးပမ်းဆောင်ရွက်နေချိန်တွင် AA သောင်းကျန်းသူများ အနေဖြင့် ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ လုပ်ဆောင်လာခဲ့သည်။ AA သောင်းကျန်းသူ အဖွဲ့အား ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်း KIA ဌာနချုပ်(အဟောင်း) လိုင်စင်ပို့စ်၌ လူအင်အား ၂၀ ကျော်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။ KIO/ KIA အနေဖြင့် ၂၀၁၁၊၂၀၁၂ ခုနှစ်များ၌ စစ်ရေးအရ အထိနာချိန်တွင် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (FUA) ကို KIA နယ်မြေအတွင်း ဖွဲ့စည်း၍ အခြားသောင်းကျန်းသူအဖွဲ့များအား စုဖွဲ့ထောက်ပံ့ကာ သက်ဆိုင်ရာဒေသများသို့ ပြန်လည်စေလွှတ် ခြင်းဖြင့် ၎င်းတို့အပေါ် စစ်ရေးအရ ဖိအားများလျော့နည်းစေရန် ဆောင်ရွက်ခဲ့သည်။ ခိုင်လင်းဇံ ခေါင်းဆောင်သော AA သောင်းကျန်းသူအဖွဲ့ကိုလည်း ALP ၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ် မတ်လ ဒုတိယပတ်တွင် ကချင်ပြည်နယ် လိုင်ဇာမှတစ်ဆင့် တောလမ်း ခရီးအတိုင်းပို့ဆောင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ ၃ နိုင်ငံနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ စောင်သည်မြို့နယ်၊ ဖာရဝါအုပ်စု၊ တလင်း ချောင်းဖျားရှိ ALP စခန်းဟောင်းသို့ ရောက်ရှိခဲ့သည်။

ယင်းနောက် အဖွဲ့ငယ်များဖြန့်ခွဲ၍ တလင်းချောင်းဖျား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်မှတ်တိုင် ၆၈နှင့် ၆၉ ကြား စပါးချောင်းဧရိယာ၊ နယ်စပ် မှတ်တိုင် ၇၀ နှင့် ၇၁ ကြား ငါးချောင်းရွာ အနီးတစ်ဝိုက်တွင် အခြေပြု လှုပ်ရှားလာခဲ့သည်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် AA သောင်းကျန်းသူအဖွဲ့မှ ခိုင်အောင်သန်း(ခ)ဘုန်းမြတ်ခေါင်းဆောင်သည့် အင်အား ၂၅ ဦးခန့်ပါ အဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ပြိုင်စို တောင်ကြားလမ်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ရာ မိမိတပ်များနှင့် စတင်ထိတွေ့မှု ဖြစ်ပွားပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလအတွင်းတွင်လည်း ပလက်ဝဒေသနှင့် ကျောက်တော်မြို့နယ်အတွင်း ဝင်ရောက်၍ နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လုပ်ဆောင်လာသဖြင့် တပ်မတော်စစ်ကြောင်းများက ဒေသခံပြည်သူလူထုနှင့် ပူးပေါင်း၍ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက် ခဲ့ရာ ထိတွေ့မှုများ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူတချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့သည်။ ထို့ပြင် အောက်တိုဘာလနှင့်နိုဝင်ဘာလတွင်လည်း ကျေးရွာများသို့ လက်နက်များ ကိုင်ဆောင်ဝင်ရောက်ပြီး အဓမ္မဆက်ကြေးကောက်ခံခြင်း၊ အများပြည်သူအသုံးပြုရာ လမ်းကြောင်း များတွင် မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရပြီး သောင်းကျန်းသူများ သိုဝှက်ထားသည့် လက်နက်၊ ခဲယမ်းများ၊ ကျည်ဆံ ၅၄ တောင့်၊ ဒေသန္တရမိုင်းပြုလုပ်ရာတွင် အသုံး ပြုသည့် ယမ်းမှုန့် ၅၁ ပိဿာ၊ စနက်တံ ၄၄ ချောင်း၊ ဓာတ်ခဲများ၊ မိုင်းမျိုးစုံ ၁၈ လုံး၊ လက်ဖြောင့်သေနတ်မှန်ပြောင်း ၁ ခု၊ ဆက်သွယ် ရေးပစ္စည်းများ ၊ လူနေတဲ ၈ လုံး၊ ပြောက်ကျားယူနီဖောင်း ၄၆ ထည်၊ ချပ်ဝတ်တန်ဆာ ၁၉၉ စုံ ၊ ကျောပိုးအိတ် ၃၄ လုံးနှင့် အသုံးအဆောင် ပစ္စည်းများ၊ ရိက္ခာအတွက်အသုံးပြုသည့် ဆန်အိတ် ၂၅ အိတ်၊ ဆီ ၁၃ ပုံး၊ ဆားနှင့် ငါးပိအိတ်များ၊ ဆေးဝါးပစ္စည်းများကို ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ကာ တပ်ဖွဲ့ဝင်တချို့လည်း ဖမ်းဆီးရမိခဲ့သည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကျောက်တော်မြို့နယ်၊ ရမ်းချောင်း-ရူးချောင်းနယ်မြေအတွင်း AA သောင်းကျန်းသူအဖွဲ့ ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းခဲ့ရာ တိုက်ပွဲငယ်များ ထိတွေ့မှုဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၅ ကြိမ်ရှိခဲ့ပြီး လက်ဖြောင့်သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်မတော်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင်အရာရှိ၊ စစ်သည်တချို့ နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ကာ တချို့ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ AA သောင်းကျန်းသူအဖွဲ့ထံမှ အလောင်းသုံးလောင်းနှင့် သေနတ် ၁လက်၊ ကျည်မျိုးစုံ ၁၂၅၀ တောင့်၊ မိုင်းမျိုးစုံ ၄၄ လုံး၊ လက်ပစ်ဗုံး ၁၀ လုံး၊ လူနေတဲ ၁၅ လုံး၊ ဆန် ၄၂ အိတ်၊ ဆီ ၁၅ ပုံးနှင့် ဆေးဝါးမျိုးစုံတို့အား သိမ်းဆည်းရမိ ခဲ့ပြီး သောင်းကျန်းသူများသည် အဖွဲ့ငယ်များ ပြန့်ကွဲကာ ဆုတ်ခွာထွက်ပြေး လျက်ရှိသည်။

တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံသံတမန်အရေးအရ ညှိနှိုင်းဆောင်ရွက်မှု များကြောင့် AA သောင်းကျန်းသူများအနေဖြင့် ပြည်တွင်းတွင် အခြေခံ နယ်မြေတည်ဆောက်နိုင်ရန် ထပ်မံ ဝင်ရောက်လာခြင်းဖြစ်သည်။ တပ်မတော် စစ်ကြောင်းများက နယ်မြေခံလူထုနှင့်ပူးပေါင်း၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ခြင်းကြောင့် AA သောင်းကျန်းသူများအနေဖြင့် အဖွဲ့ငယ်များ ပြန့်ကွဲကာ ဆုတ်ခွာထွက်ပြေးပြီး ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ် အတွင်းရှိ ကျေးရွာများ၌ အရပ်သားအသွင်ဖြင့် ခိုအောင်း၍ မကွေး၊ စေတုတ္တရာမြို့နယ်မှ တောလမ်းအတိုင်း မင်းပြားမြို့နယ်အတွင်း ဝင်ရောက်လာမည့် အဖွဲ့များဖြင့် ပူးပေါင်းကာ အကြမ်းဖက်မှုများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ထို့ပြင် ပလက်ဝမြို့နယ် ပြိုင်ငူကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာတွင် တောင်ယာလုပ်ကိုင်လျက်ရှိသော အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်။ တစ်ဖက်နိုင်ငံရှိ ကုလားဆိုးအကြမ်းဖက် အဖွဲ့အစည်းများ၊ တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ၎င်းတို့အား အကူအညီ ပေးရေး တောင်းဆိုလျက်ရှိကြောင်း သိရှိရပြီး တပ်ဖွဲ့ဝင်အများစုအနေဖြင့် မည်သည့် ခံယူချက်မှမရှိဘဲ ခြိမ်းခြောက်မှုများ၊ လူမှုရေး အခက်အခဲများကြောင့် ဝင်ရောက်သူများဖြစ်ပြီး ယခုအခါ အချင်းချင်း ယုံကြည်မှုများပျက်ပြား၍ စိတ်ဝမ်းကွဲလျက်ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးတို့အတွက် တပ်မတော်အနေဖြင့် AA သောင်းကျန်း သူများကိုအပြီးတိုင် ရှင်းလင်းတိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit: မြဝတီ
#မြဝတီရုပ်မြင်သံကြားအား ကျေးဇူးအထူးတင်ရှိပါသည်။

No comments:

Post a Comment