Wednesday, April 13, 2016

ကရင့်တော်လှန်ရေး ဘယ်ကစလည်း

သင်...ကရင်လား။
သင်ကရင်ဆို ဒီစာပိုဒ်ကို စာများတယ်ဆိုပြီး မကျော်သွားပါနဲ့။ သင်ကရင်မှန်ရင် ကရင့်တော်လှန်ရေးအကြောင်းတော့ နဲနဲပါးပါး သိထားသင့်ပါတယ်။ ဒါမှ ကရင့်တော်လှန်ရေး ဘယ်ကစလည်း ဘာကြောင့်လည်းလို့ သူများမေးရင် ဖြေတတ်မှာပေါ့။ ကောင်မလေးပုံလှလှလေး ကောင်လေးပုံလှလှလေးတွေ လိုက်ကြည့်မဲ့ အချိန်လေးထဲက ၁၀ မိနစ်လောက်လေး ဖဲ့ပေးပြီး ဒီစာကို ဖတ်ပေးပါလို့ တောင်းဆိုပါရစေ။
••••••••••••••••••••••••••••••••••••••••••••••••••••••••

**ကရင့်တော်လှန်ရေးအကြောင်း တစေ့တစောင်း**

ကရင်အမျိုးသားအစည်းအရုံး (K.N.U) တည်ထောင်သောခုနှစ်မှာ ၁၉၄၇ ခုနှစ်ဖြစ်သည်။ (K.N.U) ကရင်အမျိုးသားအစည်းအရုံး ဆိုသည်မှာ Karen
National Union ဖြစ်ပါသည်။ ထိုအစည်းအရုံး၏
လက်နက်ကိုင်တပ်မှာ ယခင်က ကေအင်ဒီအို Karen National Defense Organization (K.N.D.O) ယခုကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) ဖြစ်သည်။ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (D.K.B.A) Democra Karen Buddhist Army သည် ကေအန်ယူမှ ခွဲထွက်သွားသော လက်နက်ကိုင် အဖွဲအစည်းဖြစ်သည်။ D.K.B.A သည် ခရစ်ယာန်ဘာသာဝင်များ ကြီးစိုးသည့် K.N.U မှ ၁၉၉၅ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး န.အ.ဖ အစိုးရတပ်များနှင့်
ပူပေါင်းခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး K.N.U မှ ခွဲထွက်သွားသော လက်နက်ကိုင်အဖွဲအစည်းမှာ
ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သော K.N.L.A ငြိမ်းချမ်းရေးကောင်စီဖြစ်သည်။ လက်ရှိ K.N.U ဥက္ကဌမှာ ဗိုလ်ချုပ်ကြီး တာမလာဘောဖြစ်ပြီး ဒုဥက္ကဌမှာ စောဒေးဗစ်တာကပေါဖြစ်ပြီး အထွေထွေအတွင်းရေးမှူးမှာ နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ဖြစ်သည်။

*ဒါကလူ*

လက်ရှိ K.N.U ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာဘော ကရင်အမျိုးသားများ၏ ပထမဦးဆုံး ဖွဲ့စည်းခဲ့သည့် အမျိုးသားရေးအဖွဲ့အစည်းမှာ ဒေါကလူဖြစ်သည်။ ၁၈၈၁ ခုနှစ်တွင် ဒေါက်တာတီးသံပြာက စတင်ဖွဲ့စည်း ထူထောင်ခဲ့ခြင်းဖြစ်သည်။ ၁၉၄၃ ခုနှစ်တွင်
ဒေါကလူမှ ခေါင်းဆောင်များနှင့် Karen Central Advisory
Board (K.C.A.B) အား ဖွဲ့စည်းလိုက်၏။ ကရင့်ဗဟိုအကြံပေးအဖွဲ့တွင် ဒေါက်တာဆာစံစီဖိုး၊ စောဘမောင်၊ စောသာဒင်တို့ ပါဝင်ခဲ့ကြသည်။ ၁၉၄၅ ခုနှစ်တွင် (K.C.A.B) အား Karen Central Organization (K.C.O) ဟူ၍ ပြောင်းခေါ်လိုက်ကြ၏။ ထိုအဖွဲ့တွင် စောသာဒင်၊ ဆရာသာထို၊ စောဘဦးကြီး ပါဝင်ကြသည်။ ၁၉၄၆ ခုနှစ်တွင် (K.C.O) ကိုယ်စားအဖွဲ့တဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ ထိုအဖွဲ့တွင် စောဘဦးကြီး၊ စောသာဒင်၊ ဆစ်ဒနီလူနီနှင့် စောဖိုးချစ်တို့ ပါဝင်ပြီး၊ သီးခြားကရင်ပြည်နယ် ရရှိရေးအတွက် ဗြိတိသျှနှင့် ဆွေးနွေးကြသည်။ စစ်ပြီးခေတ် ကရင်အမျိုးသားများ၏ အမျိုးသားရေး လှုပ်ရှားမှုများက အရှိန်အဟုန်နှင့်ပေါ့။

*K.N.U တပ်ဖွဲ့ဝင်များ*

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် K.N.U (Karen Nation Union) ကို ဖွဲ့စည်းခဲ့သည်။ ကေအင်ယူအား ဖွဲ့စည်းရာတွင် K.N.A ခေါ် ဒေါကလူ၊
ကရင်အမျိုးသား အစည်းအရုံး ဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (B.K.N.A)၊ ကရင်ဗဟိုအဖွဲ့ (K.C.O) နှင့် ကရင်လူငယ်အဖွဲ့ (K.Y.O) လေးဖွဲ့အား ပေါင်း၍ ဖွဲ့စည်းခဲ့သည့် ကရင်အဖွဲ့ချုပ်ကြီးဖြစ်သည်။ ပထမဦးဆုံး K.N.U ၏ ဥက္ကဋ္ဌမှာ စောသာဒင် ဖြစ်သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ပဲခူးတွင် K.N.U မှ ကြီးမှူးပြီး ကရင်အမျိုးသား ညီလာခံတရပ်အား ကျင်းပခဲ့သည်။ ညီလာခံက အောင်ဆန်း အက်တလီ စာချုပ်အား ကန့်ကွက်ကြောင်း ဆုံးဖြတ်ကြ၏။ ပြီးလျှင် ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေ သတ်မှတ်ပေးရန်၊
ကရင်အများစုနေထိုင်သည့် ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့် မဲဆန္ဒမြေ သတ်မှတ်ပေးရန်၊ ကရင်စစ်တပ် သီးသန့်ထားရှိခွင့်ပေးရန်၊ သီးခြားကရင်ပြည်နယ် ထူထောင်ခွင့်ပေးရန် စသည့်တောင်းဆိုချက်များကို ညီလာခံက ချမှတ်ပြီး လန်ဒန်ရှိ ဒေါင်းနင်းလမ်း နေအိမ်သို့ ပေးပို့ခဲ့ကြသည်။ တောင်းဆိုချက်များကို
မလိုက်လျောပါက K.N.U အနေနှင့် ၁၉၄၇ ခုနှစ် ဧပြီလ ၉
ရက်နေ့တွင် ပြုလုပ်မည့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ရောက်မည် မဟုတ်ကြောင်းနှင့် သပိတ်မှောက်မည် ဖြစ်ကြောင်းကိုလည်း ဒေါင်းနင်းလမ်းသို့ တောင်းဆိုသည့်စာတွင် ရေးသားဖော်ပြခဲ့ပါသည်။ တဖက်က ဒေါင်းနင်းလမ်းသို့ ရာဇသံပို့ထားသကဲ့သို့ တဖက်တွင်လည်း ကရင်လူထုအား ချပြရှင်းပြကြသည်။
ထိုအချိန်က ထုတ်ဝေခဲ့သောသုဝဏ္ဍတိုင်း ဂျာနယ်တွင် ဒေါကလူ အဖွဲ့အစည်းကြီးအကြောင်းကို သိရှိနိုင်ပါသည်။ ဂျာနယ်က အမျိုးသားစည်းလုံးညီညွှတ်ရေး၊ မျိုးချစ်စိတ် ရှင်သန်နိုးကြားရေးတို့ ဖော်ပြသော ဂျာနယ်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ကျင်းပ၏။ မဲဆန္ဒနယ်မြေ စုစုပေါင်း ၂၅၅ နေရာ သတ်မှတ်၏။ မဲဆန္ဒနယ်များအား လူမျိုးမရွေး အထွေထွေ မဲဆန္ဒနယ်မြေများအဖြစ် ၁၈၂ နေရာ သတ်မှတ်ပြီး ရှမ်းအမျိုးသားများအတွက် ၂၆ နေရာ ကရင်အမျိုးသားများအတွက် ၂၄နေရာ ကချင် ၇ နေရာ၊ ချင်း ၈ နေရာ၊ အင်္ဂလိပ်-မြန်မာ ကပြားများက ၄ နေရာ၊ ကရင်နီ ၂ နေရာနှင့် သံလွင်ခရိုင်အတွက် ၂ နေရာ ဟူ၍သတ်မှတ်ခဲ့ကြသည်။ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲအား K.N.U မှမပါဝင်ဘဲ သပိတ်မှောက်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၅ ရက်မှစ၍ ၇ ရက်နေ့အထိ ကျင်းပခဲ့သည့် K.N.U ကရင့်အမျိုးသားညီလာခံမှ တောင်းဆိုထားခဲ့သော ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေအား သတ်မှတ်ပေးရန်နှင့် ကရင်အများစု နေထိုင်သည့် ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့်မဲဆန္ဒနယ် သတ်မှတ်ပေးရန်ဟူ၍ တောင်းဆိုခဲ့ကြ၏။ တောင်းဆိုချက်အား ၁၉၄၇ ခုနှစ် မတ်လ ၃ ရက်နေ့နောက်ဆုံးထား၍ အကြောင်းပြန်ကြားပေးရန်လည်း တောင်းဆိုခဲ့ပါသည်။ ဒေါင်းနင်းလမ်းက မည်သို့မျှ အကြောင်းမပြန်ကြားခဲ့။ ဤအချက်ကြောင့် K.N.U မှ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းဖြစ်သည်။
K.N.U အတွင်း၌လည်း ရွေးကောက်ပွဲဝင်နှင့် ပတ်သက်၍ သဘောထားကွဲခဲ့ကြသည်။ မန်းဘခိုင်နှင့် စောစံဖိုးသင်က ရွေးကောက်ပွဲ ဝင်လိုကြသည် စောဘဦးကြီးနှင့် မန်းဘဇံက ရွေးကောက်ပွဲအား မပါဝင်လို။ နောက်ဆုံး K.N.U အတွင်းမှ KYO ခွဲထွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည်။

*K.N.D.O ဖွဲ့စည်းပြီး*

မကြာမှီတွင် ကရင့်အမျိုးသား ကာကွယ်ရေးတပ်မတော် K.N.D.O ကိုဖွဲ့စည်းလိုက်ကြသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ K.N.D.O ၏ စစ်ဦးစီးချုပ်မှာ မန်းဘဇံဖြစ်ပြီး၊ စစ်ဆင်ရေးမှူးနှစ်ယောက် ရှိမှာ စောဟန်တာသာမွှေးနှင့် စောစိုင်းကေ ဖြစ်သည်။ K.N.D.O စတင်ဖွဲ့စည်းရာတွင် ကျေးနယ်၊ မြို့နယ်၊ ခရိုင်၊ ဗဟိုဟူ၍ အဆင့်ဆင့် ဖွဲ့စည်းခဲ့သည်။ တနိုင်ငံလုံး၌ ခရိုင်ပေါင်း ၂ဝ ထားရှိသည်။ လက်နက်ကိုင်တပ်သား အင်အားက ၁ဝ,ဝဝဝ ကျော်ရှိသည်။ အင်းစိန်ခရိုင် တာဝန်ခံက စကောမောလေး ဖြစ်သည်။ K.N.D.O
တပ်ဖွဲ့ဝင်တိုင်းကို နိုင်ငံရေးသင်တန်း သင်ပေးခဲ့ကြသည်။ သင်တန်းဆရာက ဗိုလ်ကြီး စကောလေးခို ဖြစ်သည်။ သင်တန်းတွင် ကိုလိုနီခေတ်အခြေအနေ၊ ဖက်ဆစ်ဂျပန်ခေတ်ကာလ၊ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် ကရင်လူမျိုးများ၏ အခြေအနေများအား အရေးပေး ရှင်းလင်းပို့ချပေးခဲ့သည်။

*K.N.U ၏ တောင်းဆိုချက်များ*

တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဖ.ဆ.ပ.လ သည် ၉၅ ဒဿမ ၃ ရာခိုင်နှုန်းနှင့် အနိုင်ရခဲ့၏။ အနိုင်ရ ဖ.ဆ.ပ.လ လက်သို့ ဒေါင်းနင်းလမ်းအစိုးရက အာဏာအပ်သွားမည် ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် ကရင်အမျိုးသားများ၏ နိုင်ငံရေးတောင်းဆိုမှု့များ တဆင့်တက်၍ လှုပ်ရှားလာခဲ့သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန်၊ ပဲခူး၊ သာယာဝတီ၊ မအူပင်၊ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ ဟံသာဝတီ၊ တောင်ငူ၊ သထုံ၊ ကျိုက္ခမီနှင့် ကရင်နီနယ်များ၌ ကရင်လူထု ၄ သိန်းခွဲကျော် ဆန္ဒပြခဲ့ကြသည်။

``ကရင်ပြည် ချက်ချင်းပေး´´
``ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ´´
``လူမျိုးရေး အဓိကရုဏ်း အလိုမရှိ´´
`` ပြည်တွင်းစစ် အလိုမရှိ´´

ထိုကြွေးကြော်သံများ ကရင်များရှိသည့် နေရာတိုင်း၌
ဝေစီနေခဲ့သည်။ လမ်းမများတွင်မူ ဆန္ဒပြသူများက လှိုင်းလုံးကြီးများသဖွယ် အုံကြွနေကြသည်။ ကရင့်လူထုနှင့် K.N.U တို့၏တောင်းဆိုချက်များကို ဖ.ဆ.ပ.လ အစိုးရက မလိုက်လျောခဲ့ပေ အခြေအနေက ရွေးလမ်းမဲ့နေ၏။

*K.N.U တော်လှန်ရေး စတင်ပြီး*

ဖ.ဆ.ပ.လ ၏ ငြင်းဆိုချက်များကြောင့် ကရင့်အမျိုးသား လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပါသည်။ ထိုစဉ်က သမိုင်း ခဝဲခြံနှင့် အင်းစိန်တို့၌ လက်နက်ကိုင်တပ်များ ဖြန့်ထားမှု့ အခြေအနေကား အင်းစိန်မြို့နှင့် သမိုင်းလမ်းဆုံတွင် ဖ.ဆ.ပ.လ အစိုးရ၏ လက်နက်ကိုင်တပ်သား ၂ဝဝဝ ခန့် ချထားသည်။
ရည်ရွယ်ချက်က ထိုဒေသရှိ K.N.D.O နှင့် ကရင်အမျိုးသား
လက်နက်ကိုင် တပ်များထံမှ လက်နက်သိမ်းရန် ဖြစ်သည်။
ကြို့ကုန်းတွင် K.N.D.O နှင့် ဗိုလ်ကြီးသာအေးကျော်၏ U.M.P တပ်ဖွဲ့အင်အား ၂ဝဝ ကျော်ခန့်ရှိသည်။ မင်္ဂလာဒုံတွင်မူ တပ်မတော် အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန် ဦးစီးသည့် ကရင့်လက်နက်ကိုင် တပ်ခွဲလည်း ရှိသည် ကရင်ရိုင်ဖယ်တပ်ရင်း ၂ မှ တပ်စုတစုသည်လည်း သမိုင်းတွင် ရောက်ရှိနေလေသည်။

*ပထမဆုံးတိုက်ပွဲ*

၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သမိုင်းလမ်းဆုံ၌ ဖ.ဆ.ပ.လ အစိုးရ၏ လက်နက်ကိုင်တပ် စစ်ရဲတပ်ရင်း ၂၁ က သမိုင်းခဝဲခြံရှိ K.N.D.O တပ်များကို တိုက်သည်။ K.N.D.O များကလည်း ပြန်ခုခံရင်း တိုက်ပွဲပြင်းထန်ခဲ့သည်။ ထိုသတင်းအား
မင်္ဂလာဒုံရှိ ဗိုလ်မှူးအောင်စိန်ကြားသော် သူဦးစီးသည့်
အမြောက်တပ် တတပ်လုံးနှင့် အင်းစိန်သို့ ချီတက်ခဲ့ပြီး K.N.D.O များနှင့် ပူးပေါင်းလိုက်ကြသည်။ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် K.N.D.O တို့ အင်းစိန်ကို
သိမ်းပိုက်ရရှိခဲ့သည်။ ဤတွင် အင်းစိန်တိုက်ပွဲ စတင်ခဲ့တော့သည်။

*တောခိုကြပြီး*

ဖ.ဆ.ပ.လ စစ်အစိုးရက ကရင်အမျိုးသား အရာရှိကြီးများအား ရာထူးမှ ရုပ်သိမ်းလိုက်ပြီးနောက် ဗိုလ်ချုပ်နေဝင်းသည် စစ်ဦးစီးချုပ် ဖြစ်လာခဲ့၏။ ဦးစီးချုပ်အသစ်နေဝင်းက ကရင်ရိုင်ဖယ် တပ်ရင်းများအား လက်နက်သိမ်းပိုက်လိုက်သည်။ ကရင်တပ်ရင်းကလည်း အသိမ်းမခံခဲ့ပေ ကရင်ရိုင်ဖယ် တပ်ရင်း ၁ နှင့် တပ်ရင်း ၂ တို့ တောခိုခဲ့ကြသည်။ ကရင့်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွင် ပါဝင်ပူးပေါင်းလိုက်ကြသည်။ ဗိုလ်ချုပ်နေဝင်းက သ.န.က ၅ တပ်ရင်းကို ရခိုင်ကနေ လေယာဉ်ဖြင့် ပြန်ခေါ်ပြီး အင်းစိန်စစ်မျက်နှာသို့ ပို့ခဲ့သည် အင်းစိန်တိုက်ပွဲက တစထက်တစ ပြင်းထန်နေခဲ့သည်။ နေ့နေ့ညည သေနတ်သံ ယမ်းပေါက်ကွဲသံတို့နှင့် ဆူညံ့လို့ပေါ့။ မီးခိုးလုံးကြီးများက ကောင်းကင်တွင် အလိမ့်လိမ့်။
ကျိုက်ကလား၊ ခဝဲခြံနှင့် စာဘွားကြီးကုန်းတို့မှာ စစ်မြေပြင် ဖြစ်ခဲ့သည်။ ထိုမှတေဆင့် စာဘင်ဆင်ခြံ၊ ကျမ်းစာသင်ကျောင်း၊ ဦးစက္ကိန်ကျောင်း၊ မင်းဓမ္မတောင်ကုန်း၊ နွားထိုးကုန်း၊ တရုတ်သချိုင်းနှင့် ပွိုင့် ၁၁၂ အိမ်နီကြီးတောင်ကုန်းများသို့ စစ်ရိမ့်များ ဖုံးလွမ်းခဲ့ကြသည်။ စစ်မြေပြင်တိုင်း၌ နှစ်ဖက်စလုံး အကျအဆုံးများခဲ့သည်။ ဤကာ နှစ် ၆ဝ ကျော်ကြာနေသည့် စစ်ပွဲ၏အစပထမဖြစ်သည်။

*အရှူံး၏အစ*

အင်းစိန်မှ သူတို့ဆုတ်ခဲ့ကြသည် အင်းစိန် စစ်အစိုးနှင့် တိုက်ပွဲက သူတို့အတွက် ပထမဆုံးတိုက်ပွဲ အတွေ့အကြုံပေါ့။ အင်းစိန်မှဆုတ်ခဲ့ပြီးနောက် ကြာအင်းဇောင်းတွင် K.N.U ခေါင်းဆောင်များ
အစည်းအဝေးထိုင် တာဝန်ခွဲဝေခဲ့ကြသည်။ စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့က အရှေ့တိုင်းနှင့် တောင်ငူခရိုင်သို့သွားမည်။ မန်းဘဇံနှင့် စောဟန်တာသားမွှေးတို့က ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်သို့ သွားခဲ့ကြသည်။ ထိုစဉ်က မန်းဘဇံသည် ကရင့်တော်လှန်ရေးကြီးအတွက်
လမ်းစဉ်သစ်နှင့် လုပ်ငန်းစဉ်တို့အား ရှာဖွေနေစဉ်ကာလ ဖြစ်သည်။ အင်းစိန်မှ ဆုတ်ခဲ့ရပြီးနောက်တွင် ကရင့်တော်လှန်ရေး တဖြည်းဖြည်း ဆုပ်လာသည်ဟု ဆိုရမည်။ C.A.S (K) ဟုခေါ်သည့် CIVIAL AFFAIR SERVICE (KAWTHOOLAI) အုပ်ချုပ်ရေးမျိုးနှင့် ဆက်၍မဖြစ်နိုင်တော့။ C.A.S (K) အုပ်ချုပ်ရေးက
တဗိုလ်တမင်း ဆန်လာစေပြီး ညီညွှတ်မှုကို ထိခိုက်လာစေသည်။ အရှေ့တိုင်းတွင် စောဘဦးကြီး ကျဆုံးခဲ့သည်။ ခါင်းဆောင်မှု၌ မန်းဘဇံနှင့် စောဟန်တာသာမွှေးတို့သာ ရှိတော့သည်။ ဤတွင် မန်းဘဇံနှင့် စောဟန်တာသားမွှေး တိုင်ပင် စဉ်းစားကြရပြီး။ ကရင်လူမျိုးရှေ့ရေးအတွက် ဘယ်လိုလမ်းစဉ်နှင့် ခရီးဆက်မည်နည်းပေါ့။ တရုတ်ပြည်သစ်၏ တော်လှန်ရေးကြီးကလည်း
အောင်ပွဲခံထားသည်မှာ ပူပူနွေးနွေးပင် ရှိသေး၏။ မော်စီတုန်း၏ တရုတ်ပြည် တော်လှန်ရေးကို သူတို့ လေ့လာကြ၏။ စာစောင်များ ဖတ်ကြသည်။ သဘောတရားရေးများ လေ့လာကြသည်။ မော်စီတုန်း၏
အတွေးအခေါ် မက်စ် လီနင်ဝါဒတို့ကို ဖတ်ကြ၊ မှတ်ကြ၊ တွေးခေါ်ကြသည်။ ထိုထိုသော သဘောတရားများမှ
ကရင့်လူအဖွဲ့အစည်းနှင့် ကိုက်ညီမည့် သဘောတရား ဖေါ်ထုတ်ကြသည်။ ကရင့်တော်လှန်ရေးအတွက် လမ်းစဉ်သစ် ကြံဆကြသည်။ K.P.L.A တပ်ရင်း ၁ ၏ တပ်ရင်းမှူးက ဗိုလ်ချုပ်မြမောင် ဖြစ်သည်။
တပ်ခွဲ ၁ တပ်ခွဲမှူးက ဗိုလ်တင်ဦး (ယခုကွယ်လွန်၊ K.N.U ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ဖူးတာအဲ့) ဖြစ်သည်။ ခွဲနှစ်ခွဲမှူးက ဗိုလ်ကြီးစလွယ်ဖြစ်သည်။

*မြစ်ဝကျွန်းပေါ်တိုင်း*

၁၉၆၉ ခုနှစ်တွင် မြစ်ဝကျွန်းပေါ်တိုင်း တပ်မဟာ ၃ ၏ တပ်မဟာမှူးမှာ ဗိုလ်မှူးချုပ်ကျော်သောင်း ဖြစ်သည်။ သူ၏ တပ်မဟာတွင် တပ်ရင်း ၆၊ တပ်ရင်း ၇ နှင့် K.P.L.A တပ်ရင်း ၂ ရှိသည်။ တပ်မတော်က မြစ်ဝကျွန်းပေါ်တိုင်းအား ဝိုင်းပတ်ပိတ်ဆို့၍ ဖြတ်လေးဖြတ်စနှစ်ဖြင့် ဖြတ်သည်။
လူထုနှင့် ကရင့်တော်လှန်ရေးသမားများအား
အဆက်အသွယ်ပြတ်အောင် ဖြတ်သည်။ လူထုများလည်း မသက်သာ အထိနာကြသည်။ ထိုစဉ်က သူ၏ တပ်မဟာရုံးသည် မြောင်းမြမြို့နယ်အတွင်းရှိ သိလ္လာတွင် အခြေပြုထား၏။ ရန်သူ၏ စစ်ရေးအခြေအနေအရ သိလ္လာဂွင်အား ပိတ်ဆို့၍ ပိုက်စိတ်တိုက် စစ်ဆင်ရေး ဆင်လိမ့်မည်။ ဤအတွက် ဗိုလ်မှူးချုပ်ကျော်သောင်းက ကေအင်ယူတပ်နှင့် K.N.U.P ပါတီကော်မတီဝင်များအား ခေါ်၍ဆွေးနွေးသည်။ ဒေသခံတပ်မှူးအချို့က မထွက်ချင်။ ပြောက်ကျားစစ်နှင့် ဒီဒေသအတွင်းမှာပင် နေပြီး ရန်သူအား ခုခံချင်ကြသည်။ ဗိုလ်မှူးချုပ်ကျော်သောင်းက သူ၏တပ်မဟာရုံး စစ်ကြောင်းအား အင်အားထပ်ဖြည့်ပြီး မြောင်းမြမြို့နယ် သိလ္လာမှ ဝါးခယ်မမြို့နယ်ဘက်သို့ ကူးကြသည်။ တပ်မတော်မှ ဝိုင်းပတ်၍ ပိတ်ထားသည်အားတိုက်ပြီး ဖောက်ထွက်ကြရခြင်း ဖြစ်သည်။ ရဲဘော် ၆ ယောက် ကျကျန်ရစ်ခဲ့သည် အလောင်းပင် ပြန်၍မကောက်နိုင်ခဲ့ပေ။

*အရှေ့တိုင်း ပဲခူးရိုးမ*

ထိုစဉ်က အရှေ့တိုင်း ပဲခူးရိုးမတွင် ဗိုလ်ချုပ်စောဘိုမြ၊
ဗိုလ်ချုပ်ရွှေဆိုင်း၊ ဗိုလ်မှူးကြီးကစယ်ဒိုနှင့် ဖဒိုသာပြည့်က K.N.U.P မှ ခွဲထွက်သွားကြပြီး၊ ကရင့်အမျိုးသား လက်နက်ကိုင် တိုက်ပွဲအား သီးခြားဆောင်ရွက်၍ နေကြသည်။ K.N.U.P ခေါင်းဆောင်မှုအတွင်း၌လည်း K.N.U.P အား အလုပ်သမားပါတီအဖြစ် တည်ထောင်လိုသည့် ဗိုလ်ချုပ်စောကျော်မြသန်းအစုနှင့်
အမျိုးသားရေးပါတီအဖြစ်နှင့် ဒုတိယလမ်းစဉ်အတိုင်း ချီတက်လိုသည့် မန်းဘဇံ အစုအကြား သဘောတရားရေးအရ ငြင်းခုန်နေကြသည့်
အချိန်ဖြစ်သည်။ ကရင့်အမျိုးသား အင်အားစုများအကြား
ညီညွှတ်ရေးက ပြိုကွဲလျက်ရှိသည်။ ဘုံရန်သူအား စုပေါင်းတိုက်နိုင်သည့် ညီညွှတ်သည့် ကရင့်အမျိုးသား အင်အားစု တည်ဆောက်ရန်လိုအပ်နေသော အချိန်ဖြစ်သည်။ ဤအတွက် K.N.L.C နှင့် K.N.U.P တွေ့ဆုံဆွေးနွေးရန်လိုကြောင်း နှစ်ဖက်စလုံးမှ သဘောပေါက်နားလည်ကြ၏။ မန်းဘဇံနှင့် ဗိုလ်ချုပ်မြတို့ ခိုမူဒဲ တွင် ပထမဦးစွာ တွေ့ဆုံကြသည်။ ညီညွှတ်ရေးအတွက် ဆွေးနွေးကြ၏။ သဘောတူညီချက်က မရရှိခဲ့ကြပေ။ ပယ်ကောခီး ရွာတွင် ဒုတိယအကြိမ် တွေ့ဆုံ၍ ဆွေးနွေးကြပြန်သည်။ ညီညွှတ်ရေးအတွက် လမ်းစကပေါ်ပြီ။ နောက်ဆုံးအကြိမ် ထိုဒိုပလောတွင် တွေ့ဆုံကြပြန်သည်။ K.N.U.P မှ
မန်းဘဇံ၊ ဗိုလ်သန်းအောင်၊ ဗိုလ်မောင်မောင်၊ ပဒိုဘသင်၊ ပဒိုဂေဒွဲနှင့် ပဒိုဘောယူဖော်တို့ တက်ရောက်ခဲ့ကြသည်။

*ကရင့်အမျိုးသား အစည်းအရုံးဖွဲ့စည်းခြင်း*

နောက်ဆုံး ညီညွှတ်ရေးအတွက် သဘောတူညီချက်များ ဆုံးဖြတ်နိုင်ခဲ့ကြသည်။ ဗိုလ်ချုပ်စောဘိုမြက သူဦးဆောင်ဖွဲ့စည်းထားသည့် K.N.L.C အား ဖျက်သိမ်းမည်။ မန်းဘဇံနှင့် ခေါင်းဆောင်များက K.N.U.P မှ နုတ်ထွက်ကြမည်။ ပြီးလျှင် K.N.U.F ဖွဲ့စည်းကြမည်။ K.N.U.F ဟူသည်ကား ကရင့်အမျိုးသား ညီညွှတ်ရေးတပ်ဦးဖြစ်သည်။ လက်နက်ကိုင်တပ်ကိုမူ K.N.L.A ဟူ၍သာ ဖွဲ့စည်းထားရှိသွားမည်ဟု သဘောတူခဲ့ကြသည်။ မကြာမီ K.N.U.F အား ဖျက်သိမ်းပြီး K.N.U ကရင့်အမျိုးသား အစည်းအရုံးဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်ကြသည်။ တပ်မတော်၏ စစ်ရေးအရ ထိုးစစ်ကြီးများ ဆင်လာမှုက
ဆက်တိုက်ပင်။ ရွှေလင်းယုန် စစ်ဆင်ရေး၊ မိုးဟိန်း စစ်ဆင်ရေးများ ချမှတ်ပြီး မြစ်ဝကျွန်းပေါ်အား ထိုးစစ်ဆင်သည်။ ရွှေလင်းယုန်အဆင့် ၁.၂.၃.၄.၅.၆ နှင့် မိုးဟိန်းအဆင့် ၁.၂.၃ တို့က ရန်သူ၏ ဖြတ်လေးဖြတ်ကြောင့် လူထုနှင့် အဆက်သွယ် မရခဲ့။
နောက်ဆုံး K.N.U တို့ မြစ်ဝကျွန်းပေါ်မှ ဆုတ်ကြရန် ဆုံးဖြတ်ခဲ့ကြရသည်။

*မြစ်ဝကျွန်းပေါ်မှ ပဲခူးရိုးမသို့*

လှိုင်မြစ်ကို ခက်ခဲစွာ ကူးကြရသည်။ ညသံခေါင်မှ ကူးကြရခြင်း ဖြစ်သည်။ နေထွက်လာပြီဆိုလျှင် နားကြ အိပ်ကြသည်။ တောထဲ၌ပုန်း၍ အိပ်ကြရခြင်း ဖြစ်သည်။ ခရီးကလူမြင်ခံလို့မဖြစ်
သတင်းလုံခြုံမှုအား မျက်လုံးအိမ်သဖွယ် ထိန်းသိမ်းထားကြရသည်။ ၃ ရက်ခန့်ပုံးလှိုကွယ်လှိုဖြင့် ချီတတ်ခဲ့ရာ အမလွတ်ရွာသို့ ရောက်ခဲ့ကြသည်။ လူထုကသဘောကောင်းကြသည်။ သူတို့ကို ဝက်ပေါ်၍
ထမင်းကျွေးကြသည်။ သူတို့အားလုံး ၃ ရက်လုံးလုံး ထမင်းမစားခဲ့ရပေ။ အမလွတ်ရွာတွင် သူတို့ ၂ ရက်မျှနားကြသည်။ အမလွတ်ရွာက မျှော်၍ကြည့်လျှင်
ပဲခူးရိုးမကြီးကို မြင်ရ၏။ ညတွင်မူ သာယာဝတီ၊
သုံးဆယ်ဘက်မှ မီးရောင်များမြင်ရ၏။ နောက်တနေ့ညတွင် သူတို့ အမလွတ်ရွာမှ ထွက်ခွာခဲ့ကြသည်။ အမလွတ်ရွာမှ ထွက်ခဲ့ပြီးနောက် ပြည် - ရန်ကုန် ရထားလမ်းနှင့် ကားလမ်းကို ကူးကြရသည်။ ရထားလမ်းနှင့် ကားလမ်းက မျဉ်းပြိုင် သတိထား၍ ကူးကြရသည်။ လမ်း၏တဖက်တွင် ကိုင်းတောကြီးရှိသည်။ ကိုင်းတောကြီးရောက်လျှင် ကိုယ့်လူကိုယ် စစ်ကြပြီး ဆက်ထွက်ကြခဲ့ကြသည်။ ကိုင်းတောအတွင်းမှ သူတို့တိုးထွက်ခဲ့ကြပြီးနောက် လယ်ကွင်းပြင်ကြီး ရောက်သည်။ ကွင်းပြင်ကြီးက တမျှော်တခေါ် ကျယ်ပြန့်လှ၏။ ဤခရီး ဆုံးလျှင်မူကာ အရှေ့တွင် ပဲခူးရိုးမပေါ့။ ပဲခူးရိုးမတွင် ဗိုလ်ချုပ်ကျော်သောင်းက ပဲခူးရိုးမတိုင်း၏ စစ်ဆင်ရေးမှူး
တာဝန်ယူရ၏။ တဖက်တွင်လည်း နိုင်ငံရေးသင်တန်းများ ဖွင့်လှစ်ပြီး နိုင်ငံရေးသင်တန်းများ ပို့ချရသည်။ ယခင် မြစ်ဝကျွန်းပေါ်တိုင်းတွင် ရှိစဉ်ကလည်း ဗိုလ်ချုပ်ကျော်သောင်းသည် နိုင်ငံရေးသင်တန်းများ
ပို့ချပေးခဲ့သည်။ မြစ်ဝကျွန်းပေါ်တိုင်း ခရိုင်အမှတ် ၂ နှင့် အမှတ် ၃ တို့တွင်ပို့ချခဲ့သည်။ ခရိုင်အမှတ် ၂ က မြောင်းမြခရိုင်ဖြစ်ပြီး အမှတ် ၃ ခရိုင်က ဟံသာဝတီခရိုင် ဖြစ်သည်။ နိုင်ငံရေးမှူးတာဝန်နှင့် နိုင်ငံရေးသင်တန်းများ ပို့ချရသည့် တာဝန်များရှိလာသည့်အတွက်
ဗိုလ်ချုပ်ကျော်သောင်းသည် နိုင်ငံရေးစာပေများအား
လေ့လာဆည်းပူးရသည်။ နိုင်ငံရေးတွင်မူ ဗိုလ်ချုပ်ကျော်သောင်း၏ လက်ဦးခေါင်းကိုင် ပုဂ္ဂိုလ်ကြီးက မန်းဘဇံဖြစ်သည်။ သင်တန်းတွင် မန်းဘဇံ၏ ကရင်တော်လှန်ရေး သင်ကြားချက်၊ ကွန်မြူနစ်မူဝါဒ ကြေညာချက်စာတမ်း စသည့်ဘာသာရပ်များကိုလည်း ထည့်၍သင်ကြားပို့ချခဲ့သည်။ ပဲခူးရိုးမတွင် နိုင်ငံရေးသင်တန်းများကို တောင်ညိုစခန်း တွင်ဖွင့်လှစ်သည်။

*အထူးစစ်ဆင်ရေးဌာနချုပ်*

၁၉၇၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းက “အထူးစစ်ဆင်ရေးဌာနချုပ်” တခုကိုဖွဲ့သည်။ “ဗဟိုရိုးမ စစ်ဆင်ရေးဌာနချုပ်” ဟုလည်း ခေါ်သည်။ ပဲခူးရိုးမရှိ K.N.U.P၊ B.C.P နှင့် မ.ဒ.ည.တ တို့ကို စစ်ဆင်ရေးကြီး ဆင်နွှဲရန်အတွက် ဖြစ်သည်။
ဗိုလ်မှူးကြီးခင်အုန်း ဗိုလ်မှူးကြီးသန်းတင်ကို ဌာနချုပ်မှူးများအဖြစ် တာဝန်ပေးသည်။ စစ်ဆင်ရေးဌာနချုပ်က ပဲခူးရိုးမ စစ်ဆင်ရေးအား
“အောင်စိုးမိုး စစ်ဆင်ရေး” နှင့်စတင်ခဲ့သည်။ ပဲခူးရိုးမ တောင်ပေါ်တွင် ရွာပေါင်း ၃ဝ မျှရှိသည်။ ဖြူးချောင်းဖျားတွင် တောင်ပေါ်ရွာ ၇ ရွာ၊ ရဲနွယ်ချောင်းဖျားတွင် တောင်ပေါ်ရွာ ၁၄ ရွာနှင့်
ပဲခူးချောင်းဖျားတွင် တောင်ပေါ်ရွာ ၉ ရွာရှိကြသည်။ ထိုရွာများကို တောင်ပေါ်မှ မြေပြန့်သို့ အတင်းအဓမ္မ ရွာလုံးကျွတ် ပြောင်းရွှေ့ခိုင်းခဲ့သည်။ တောင်ခြေရှိ ရွာများမှ လူထုများကိုလည်း တောင်ပေါ်သို့ တက်ခွင့်မပြုခဲ့ပေ။ တင်းတင်းကျပ်ကျပ် တားမြစ်၏။ ပဲခူးရိုးမကြီးက သီးသန့်ကန့်သတ်နယ်မြေဖြစ်၍ နေသည်။ ဤတွင် အောင်စိုးမိုးစစ်ဆင်ရေး စတင်ခဲ့သည်။ ပဲခူးရိုးမ ခုခံစစ်၌ အမျိုးသမီးရဲမေများလည်း ရွတ်ရွတ်ချွံချွံ ရဲရဲဝံ့ဝံ့နှင့် တိုက်ပွဲဝင်ကြသည်။ K.N.U.P မှ နမ့်ကျင်ရွှေ (ယခုကွယ်လွန်၊ ပဒိုမန်းရှာ၏ ဇနီး)၊ B.C.P မှ ဒေါ်ညို
(သခင်ချစ်သမီး)၊ ဒေါ်ခင်စိုးဝင်းနှင့် နန်းတင်ရွှေတို့မှာ နာမည်ကြီး အမျိုးသမီး တိုက်ခိုက်ရေးမှူးများဖြစ်သည်။ ၁၉၇၄ ခုနှစ်တွင် မန်းဘဇံဦးဆောင်ပြီး ရှိုးလူကွန်ကရက်ကို ကျင်းပခဲ့သည်။ ရှိုးလူကွန်ကရက်မှ ညီညွှတ်ရေး သဘောထားများ ချမှတ်နိုင်ခဲ့ကြသည်။ ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်တိုင်းတွင် အခြေပြုရှိနေကြသည့် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) ခေါင်းဆောင်သည့် K.N.U.P နှင့် K.N.U ပေါင်းစည်းရေးအတွက် ဆုံးဖြတ်ခဲ့ကြသည်။ စစ်အစိုးရဘက်ကလည်း အောင်စိုးမိုးစစ်ဆင်ရေးကို အရှိန်မြှင့်၍ တိုက်ခိုက်သည်။ ၁၉၇၅ ခုနှစ် မေလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် B.C.P ဥက္ကဋ္ဌ သခင်ဇင်နှင့် အထွေထွေအတွင်းရေးမှူး သခင်ချစ်တို့ တိုက်ပွဲအတွင်း သူရဲကောင်း ပီသစွာနှင့် ကျဆုံးခဲ့၏။
ကျောက်တံခါးမြို့နယ်အတွင်းရှိ ဖွတ်ကျားချောင်းအနီး တိုက်ပွဲတွင်ဖြစ်သည်။ ဖွတ်ကျားချောင်းက ရဲနွယ်ချောင်းအတွင်း စီးဝင်သည်။

*ပဲခူးရိုးမမှ ဆုတ်ခွာခြင်း*

၁၉၇၅ ခုနှစ် အောက်တိုဘာလတွင် သူတို့ပဲခူးရိုးမမှ ဆုတ်ခဲ့ကြရသည်။ ဗိုလ်ချုပ်ကျော်သောင်းနှင့်အတူ ဗိုလ်ချုပ်မြမောင်လည်းပါသည်။ အခြား K.N.U.P မှ ခေါင်းဆောင်များလည်း ပါသည်။ သူတို့ပဲခူးရိုးမမှ ဖာပွန်ခရိုင်ဘက်သို့ ဆုတ်လာကြသည်။ ၁၉၇၃ ခုနှစ်ကတည်းမှ တရုတ်ပြည်သို့သွားသည့် ဆရာကြီး စကောလယ်တောတို့၏ မြောက်ပိုင်းချီအဖွဲ့သည်လည်း ပြန်ရောက်လာကြပြီး ဖာပွန်ခရိုင် ဒူးဒါးဂေးရွာတွင် ပဲခူးရိုးမမှ ဆုတ်လာကြသည့် သူတို့အဖွဲ့နှင့် ဆုံကြသည်။ K.N.U.P ခေါင်းဆောင်များ ဒူးဒါးဂေး ရွာတွင်ပင်
ပါတီကွန်ကရက်ကို ကျင်းပရန် စီစဉ်ကြသည်။ ဤကွန်ကရက်က K.N.U.P ၏ ဆဋ္ဌမမြောက် ကွန်ကရက်ဖြစ်သည်။ ပြီးလျှင် K.N.U.P ၏
နောက်ဆုံးသော ကွန်ကရက်လည်း ဖြစ်သည်။ ဤကွန်ကရက်တွင် အမျိုးသား စည်းလုံးညီညွှတ်ရေးအတွက် K.N.U.P ကို ဖျက်သိမ်းပြီး၊
K.N.U အတွင်း၌ တပေါင်းတစည်းတည်း ပူးပေါင်း၍
ကရင့်အမျိုးသားရေးကို လုပ်ဆောင်ကြရန် ဆွေးနွေးခဲ့ကြသည်။ K.N.U.P ဖျက်သိမ်းရေးကို သဘောမတူသူတို့ အချို့ရှိခဲ့သည် သို့သော် ကွန်ကရက်တွင်မူ အများစုက ဆန္ဒပြုသဖြင့် သဘောတူ ဆုံးဖြတ်လိုက်ကြသည်။

No comments:

Post a Comment