Wednesday, April 13, 2016

ကိုယ်မနှစ်သက်တဲ့၊ သဘောမကျတဲ့ ကိုယ့်ကိုဒုက္ခပေးမယ်

�� Fight for flight  ��

������
ကိုယ်မနှစ်သက်တဲ့၊ သဘောမကျတဲ့ ကိုယ့်ကိုဒုက္ခပေးမယ်လို့ထင်တဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့ရတဲ့အခါမှာ လူတွေဟာ ကိုယ့်ဟာကိုယ်မသိလိုက်ဘဲ ပြန်လှန်တိုက်ခိုက်မယ် သို့မဟုတ် ရှောင်ပြေးမယ်ဆိုတဲ့တုန့်ပြန်မှုမျိုး ဖြစ်လာတတ်သလိုပဲ ကိုယ်နဲ့ပြဿနာဖြစ်နေတဲ့သူနဲ့ ဆက်ဆံရတဲ့အခါမှာလည်း သူ့ကိုပြန်ပြီးတော့နာအောင်လုပ်မယ် သို့မဟုတ် ရှောင်ပြေးမယ်။ ဒါကို မသိဘဲနဲ့လုပ်မိတတ်တယ်။ ဒီလုပ်နည်းလုပ်ဟန်နှစ်မျိုးလုံးဟာ ရေရှည်မှာ ပြဿနာကိုပိုပြီးတော့ဆိုးသွားစေနိုင်တယ်။ သူ့ကို ( fight )တိုက်ခိုက်ရင်လည်း ဒီပြဿနာဟာမပြေလည်နိုင်ဘူး။ ( flight )ထွက်ပြေးနေမယ်၊ ရှောင်နေမယ်ဆိုရင်လည်း ပြဿနာကိုရှောင်နေတဲ့အတွက်ကြောင့် ပြဿနာဟာမပြေလည်နိုင်ဘူး။ ထွက်ပြေးတာလည်းမဟုတ်ဘူး၊ ပြန်ပြီးရန်ခံတွေ့တာလည်းမဟုတ်ဘဲနဲ့ တခြားဖြေရှင်းနိုင်တဲ့နည်း ရှိရမယ်။ ရန်ဖြစ်တဲ့နည်း၊ ရှောင်ပြေးတဲ့နည်း ( fight or flight ) နှစ်မျိုးက မယဉ်ကျေးသေးတဲ့ခေတ်ကာလမှာသုံးလေ့ရှိတဲ့ တုန့်ပြန်မှုတွေနော်။ အသိဉာဏ်ရှိတဲ့၊ယဉ်ကျေးတဲ့အဖြစ်ကို ရောက်လာတဲ့လူသားဟာ ပြဿနာတစ်ခုကို ဒီလိုနည်းနဲ့ဖြေရှင်းဖို့ မကြိုးစားဘူး။ တခြားအဆင့်အတန်းမြင့်တဲ့ ပညာသားပါတဲ့နည်းတစ်ခု ရှာတော့မယ်။

������
ယဉ်ကျေးသိမ်မွေ့တဲ့လူ့အသိုင်းအဝိုင်းမှာ လူတစ်ယောက်ကိုမကြေနပ်ရင် သူ့ကိုလက်သီးနဲ့ထိုးလို့မဖြစ်ဘူးနော်။ ပြဿနာတစ်ခုရှိနေပြီးမှ သူ့ကို ရန်မတွေ့ချင်ဘူးဆိုပြီး ထွက်ပြေးမယ်ဆိုရင်လည်းမရဘူး။ တစ်အိမ်ထဲအတူတူနေတယ်ဆိုရင် ဘယ်လိုမှထွက်ပြေးလို့မရဘူး။ ရုံးတစ်ရုံးထဲမှာအလုပ်လုပ်တယ်ဆိုရင်လည်း ထွက်ပြေးလို့မရဘူးနော်။ အဲဒီတော့ တခြားပိုကောင်းတဲ့နည်းကိုရှာရမယ်။ လူလူချင်းဆက်ဆံရေးမှာ ဒီလိုသဘောထားတွေက သင်မပေးရဘဲနဲ့ အခံရှိလာကြတယ်။ အဲဒီအခံဟာဘယ်ကရသလဲဆိုတော့ ကလေးဘဝကတည်းက။ ကလေးဟာပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ အဲဒီပတ်ဝန်းကျင်ဆီကရတာပဲ။ စိမ့်ဝင်လာတာပဲ။ သူ့ရဲ့ပထမဦးဆုံးပတ်ဝန်းကျင်က သူ့အိမ်ပဲ။ အိမ်မှာ အဖေနဲ့အမေဘယ်လိုဆက်ဆံကြသလဲ၊ အဖေအမေက အိမ်မှာရှိတဲ့တခြားအိမ်သူအိမ်သားတွေအပေါ်မှာ ဘယ်လိုဆက်ဆံကြသလဲ။ အိမ်မှာ တခြားဆွေမျိုးတွေရှိမယ်၊ ငတ်တဲ့သူတွေရှိမယ်၊ အိမ်မှာ ထမင်းချက်ဖို့ကားမောင်းဖို့ခေါ်ထားတဲ့ တပည့်တွေရှိမယ်။ ဘယ်သူပဲဖြစ်ဖြစ် အိမ်ကိုရောက်လာတဲ့သူကို မိဘတွေကဘယ်လိုဆက်ဆံသလဲဆိုတာကိုကြည့်ပြီးတော့ ကလေးက အဲဒါကိုအတုယူတယ်။ အထူးသဖြင့် မိဘနှစ်ဦး တစ်ဦးကိုတစ်ဦး နေ့စဉ်ဘယ်လိုဆက်ဆံသလဲဆိုတာကို ကြည့်တယ်။ ဒါ့ကြောင့် မိဘနှစ်ဦးရဲ့ဆက်ဆံရေးဟာ အင်မတန်အရေးကြီးတယ်။ မိဘနှစ်ဦး တစ်ဦးကိုတစ်ဦး ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်၊ ပြဿနာရှိလာရင် တစ်ဦးပြောတာကိုတစ်ဦး အေးအေးဆေးဆေး စကားဆုံးအောင်နားထောင်တယ်။ တစ်ဖက်သတ်အနိုင်မယူဘူး၊ နှစ်ဦးလုံးအတွက် အဆင်အပြေဆုံးဖြစ်မယ့်အဖြေမျိုးကို ညှိယူတယ်ဆိုရင် သားသမီးတွေဟာလည်း အဲဒါကိုမသင်ပဲနဲ့တတ်သွားမှာပဲ။ မိဘနှစ်ဦး တစ်ဦးပေါ်တစ်ဦးဆက်ဆံပုံနဲ့ မိဘတွေကတခြားသူတွေအပေါ်ဆက်ဆံပုံက မိမိကို ဆက်ဆံရေးနဲ့ပတ်သက်ပြီး ပုံသွင်းပေးခဲ့သလိုဖြစ်နေတယ်။

������
လူတော်တော်များများဟာ လူမှုဆက်ဆံရေးမပြေလည်မှုတွေနဲ့တွေ့တဲ့အခါမှာ ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်းစွဲနေတဲ့အလေ့အကျင့်တွေ ရထားတယ်။ ဒီအလေ့အကျင့်ဟာ အမွေခံထားတဲ့အလေ့အကျင့်တွေပါ။ တချို့လူတွေဟာ ပြဿနာဖြစ်မှာသိပ်ကြောက်တယ်။ သူများကကိုယ့်ကိုစိတ်ဆိုးမှာ သိပ်ကြောက်တယ်။ ကြောက်လွန်းတော့ ပြဿနာကို ဖြစ်တဲ့နည်းနဲ့ရှောင်တယ်။ သဘောထားချင်းမတိုက်ဆိုင်လို့ အကြိတ်အနယ်ပြောရမှာ၊ သူများကကိုယ့်ကို ဒေါသကြီးကြီးနဲ့အော်ပြောမှာကိုကြောက်လို့  ဖြစ်တဲ့နည်းနဲ့ရှောင်တယ်။ ဘာပဲလုပ်ပေးရလုပ်ပေးရ ဘယ်လိုအခြေအနေပဲရောက်နေနေ တစ်ဖက်သတ်အရှုံးပေးပြီးတော့ နေလိုက်ကြတယ်။ " နိုင်လိုသူကိုအရှုံးပေး နှလုံးအေးတဲ့ဆေး" လို့ဆိုပေမဲ့ မတရားသဖြင့်အနိုင်ခံနေရတာကို တာရှည်အရှုံးပေးပြီးနေရတဲ့အခါ နှလုံးမအေးနိုင်တော့ဘူး။ စိတ်ပျက်လာတယ်။ ကိုယ့်ကိုမတရားအနိုင်ယူထားတဲ့သူကို တကယ်မေတ္တာမထားနိုင်တော့ဘူး။ မချိပြုံးတော့ပြုံးချင်ပြုံးမယ်၊ တကယ်ကျေကျေနပ်နပ် လှိုက်လှိုက်လှဲလှဲ မဆက်ဆံနိုင်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုတစ်ဖက်သတ်အရှုံးပေးနေရတဲ့အတွက် ကိုယ့်ကိုယ်ကို ကိုယ် ချစ်ခင်လေးစားလို့မရတော့ဘူး။ ကိုယ့်ကိုယ်ကို ကိုယ် စိတ်ပျက်လာမယ်၊ အထင်သေးလာမယ်။ တစ်ဖက်သတ်လိုက်လျောပြီးနေတာဟာ ရေရှည်မှာအကောင်းဆုံးမဖြစ်နိုင်ဘူး။ အဲဒါကို သေသေချာချာသဘောပေါက်ဖို့လိုတယ်နော်။ အကယ်၍လူတစ်ယောက်မှာ အဲဒီလိုအကြောက်လွန်တဲ့အကျင့်ရှိနေရင် အဲဒီလူဟာပြဿနာဖြစ်လာတဲ့အခါ  သူ့စိတ်ထဲမှာတကယ်ခံစားနေရတာကို ပြလေ့မရှိဘူး၊ ပြောလေ့မရှိဘူး။ မြုံပြီးနေလေ့ရှိတယ်။ အောင့်ပြီးတော့ နေလေ့ရှိတယ်။ ကျိတ်ပြီးတော့ ခံနေတတ်တယ်။ ထိပ်တိုက်ရင်ဆိုင်ရမှာကို ဖြစ်တဲ့နည်းနဲ့ရှောင်တယ်။ ဘာမှမပြောဘူး။ ဘာမှမလုပ်ဘူး။ အရှုံးပေးလိုက်မယ်။ ကိုယ့်ကိုယ်ကို ကိုယ်အပြစ်တင်မယ်။ ငါ့ကြောင့်ပါပဲ၊ ငါပဲမကောင်းလို့ပါလို့ တွေးမယ်။ အဲဒီလိုလူဟာ ကြာရင် စိတ်ဓါတ်ကျမယ်၊ စိတ်ရောဂါဖြစ်မယ်။

�� အနိုင်လည်းမယူ အရှုံးလည်းမပေး ��

������
တချို့လူတွေကျတော့လည်း သူတို့ရဲ့စိတ်ထဲမှာလုံခြုံမှုမရှိတာကြောင့် အနိုင်ရမှကြိုက်တယ်၊ အနိုင်ရမှ နေသာထိုင်သာရှိတယ်၊ အဲဒါကြောင့် ရောက်လေရာမှာ တွေ့ရာလူကို အနိုင်ယူဖို့ပဲကြိုးစားတယ်။ ဒါကြောင့် ရောက်လေရာမှာ ပြဿနာဖြစ်အောင်လုပ်တတ်တယ်။ အဲဒီလိုလူဟာ သူများကိုအထက်စီးကနေပြောရမှ ဆက်ဆံရမှ သူ့ကိုယ်သူသိပ်ဟုတ်တယ်လို့ ထင်တယ်။ အမှန်တော့ သူဟာ "ငါ့ကို လူတွေအထင်မကြီးဘူး" လို့ ကျိတ်ပြီးတော့တွေးနေတတ်တယ်။ ဒါကြောင့် ကိုယ့်ကိုသူများတွေကြောက်တာကို လိုချင်တယ်။ လူတိုင်းကိုနိုင်ရမှ ကျေနပ်တယ်။ ပြဿနာတစ်ခုကြုံလာရင် သူကပဲအနိုင်ရမှ၊ သဘောထားအယူအဆမတူတာတွေ့ရင် သူ့အယူအဆကို မှားမှားမှန်မှန် ခေါင်းညိတ်မှကြိုက်တယ်။ သူဟာ လူလူချင်းဆက်ဆံရေးအားလုံးကို လွှမ်းမိုးမှုချုပ်ကိုင်မှုအနေနဲ့ပဲ မြင်တော့တယ်။ ဒါပေမယ့် ရေရှည်မှာ လူတွေအပေါ်ရန်လိုမုန်းထားတဲ့စိတ်ရှိပြီး ပြဿနာဖြစ်တိုင်း သူကချည်းပဲအနိုင်ရချင်နေလို့ ဖြစ်တဲ့နည်းနဲ့အနိုင်ယူတဲ့လူဟာ ဆက်ဆံရေးအဆင်မပြေဘူး။ သူ့ကို လူတွေကရှောင်လိမ့်မယ်။ သူ့အနားမှာနေတဲ့လူတွေကလည်း သူပြောသမျှခေါင်းညိတ်တဲ့လူတွေဖြစ်နေလိမ့်မယ်။ အဲဒီလိုဆိုရင် သူဟာ ပိုပြီးရင့်ကျက်တဲ့ ပိုပြီးကောင်းတဲ့ ဆက်ဆံရေးအလေ့အကျင့်ကို မရနိုင်တော့ဘူး။ ငါ သူ့ကိုလွှမ်းမိုးနိုင်ရမယ်၊ ငါ သူ့ကိုနိုင်ထားရမယ်၊ ချုပ်ကိုင်ထားရမယ်လို့ပဲ မြင်နေတော့တယ်။ အမြဲတမ်း one-up နေရာ အထက်စီးနေရာ ယူချင်တယ်။ ဆက်ဆံရေးတိုင်းကို တစ်နည်းမဟုတ်တစ်နည်းနဲ့ သူများကိုအနိုင်ယူဖို့ လွှမ်းမိုးချယ်လှယ်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်အောင် လုပ်လိုက်တယ်။ သူတစ်ပါးအတွက် လုံးဝထည့်မစဉ်းစားပဲ အလေးမထားပဲ ကိုယ်ရချင်တာရဖို့ပဲ တစ်ဖက်သတ်တစ်ကိုယ်ကောင်းဆန်ဆန် အတ္တစွဲကြီးကြီးနဲ့ လုပ်လေ့ရှိတယ်။ သူတစ်ပါးအနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာကို လုံးဝကိုယ်ချင်းမစာဘူး။ ဒါမျိုးသဘောထားတွေက တစိမ်းတွေထဲမှာတင်မကဘူးနော်။ ဆွေမျိုးသားချင်းတွေထဲမှာလည်းတွေ့ရတယ်။ ညီအစ်ကိုမောင်နှမအရင်းချင်းထဲမှာလည်း တွေ့ရတယ်။ တစ်ယောက်ကိုတစ်ယောက် တစ်သက်လုံး တစ်ဖက်သတ်နိုင်ထားတာတွေတွေ့နေရတယ်။ အနိုင်ရနေမှ နေသာထိုင်သာဖြစ်တဲ့သူဟာ အတွင်းစိတ်ထဲမှာ တော်တော်ပျော့ညံ့သူဘဲ။ စိတ်ဓါတ်အင်အား ကြီးမားတဲ့သူဟာ သူများကိုအနိုင်မကျင့်ဘူး။ ဆက်ဆံရေးမှာအဲဒီလိုအကျင့်မျိုးရှိနေတဲ့သူဟာ အကြမ်းဖက်လေ့ရှိတယ်။ ရန်လိုတဲ့သဘောရှိတယ်။ များသောအားဖြင့် သူတို့ဟာ တစ်ဖက်ကသူတို့ကို ဘယ်လိုမြင်နေတယ်ဆိုတာကို မသိဘူး။ သူတို့ဟာ အကျင့်ပါနေတဲ့အတွက်ပဲ ကြမ်းတမ်းတာ ထိပါးတာ ကိုယ်ချင်းမစာနာတာမျိုးကို လုပ်နိုင်တယ်။ အကျင့်ပါနေလို့ သူတို့ကြောင့် သူတစ်ပါးမှာဒုက္ခရောက်တာ၊ နစ်နာတာကို မသိဘူး။ သူတို့ ပြောပုံဆိုပုံစကားလုံးအသုံးအနှုန်းတွေဟာ ကြမ်းတမ်းတယ်၊ ခက်ထန်တယ်။ တစ်ဖက်သားကို မလေးမစားပြောလေ့ရှိတယ်။ ကိုယ်ချင်းမစာတဲ့ စကားတွေ ပြောလေ့ရှိတယ်။ သူတို့စကားလုံးရွေးချယ်တာလည်း ကြမ်းတမ်းတဲ့စကားလုံးကိုရွေးတယ်။ အသံနေ အသံထားကလည်း ကြမ်းတမ်းတယ်၊ မာတယ်၊ ကျယ်တယ်။ ပေါင်းသင်းဆက်ဆံရေးအားလုံးဟာ ကိုယ်ကအထက်စီးကနေရဖို့ အကြိတ်အနယ်ပွဲကြီးလို့သဘောထားပြီးတော့ ပြုမူတတ်တယ်။ သူတို့ရဲ့ပြုမူပုံကိုကြည့်ရင် ဆက်ဆံရေးတိုင်းဟာ ကိုယ်ကအနိုင်ရဖို့ဆိုတဲ့သဘောထားမျိုး ဖြစ်နေတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့ဟာ သူတို့နဲ့ဆက်ဆံရတဲ့သူတွေရဲ့စိတ်ထဲမှာ စိတ်မချမ်းသာမှုဆိုတဲ့လှိုင်းဂယက်တွေကို ကျန်ခဲ့စေတယ်။ သူတို့သွားလေရာမှာ စိတ်မချမ်းသာမှုလှိုင်းဂယက်တွေ ဖြစ်ကျန်ခဲ့တယ်။ တစ်ဖက်သားဟာ သူတို့နဲ့ပတ်သက်ပြီး စိတ်ပျက်တယ်၊ စိတ်ညစ်တယ်၊ စိတ်ဓါတ်ကျတယ်။ ကိုယ့်ကိုယ်ကိုကိုယ်လည်း စိတ်ပျက်တယ်၊ အားငယ်တယ်။ ကိုယ့်ကိုမလေးမစားပြောတာဆိုတာကို ခံနေရတဲ့သူမှာ ကိုယ့်ဂုဏ်သိက္ခာ(dignity) ထိခိုက်တဲ့အတွက် အင်မတန် ခံရခက်သွားပါတယ်။ လူတိုင်း ကိုယ့်အလုပ်ကိုကိုယ်လုပ်ပြီးတော့ ဂုဏ်သိက္ခာ(dignity ) ရှိရှိ နေနိုင်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အကျိုးစီးပွားဖြစ်စေ၊ ကိုယ့်ရဲ့အဆင့်အတန်းဖြစ်စေ ထိခိုက်မည့်ကိစ္စမျိုးကြုံရတဲ့အခါမှာ လူတွေဟာမသိလိုက်ဘဲနဲ့ အလိုအလျောက် ကိုယ့်အခြေအနေကိုကာကွယ်တတ်တယ်။ သေသေချာချာ စဉ်းစားပြီးလုပ်တာမဟုတ်ဘဲနဲ့ အလိုအလျောက်လုပ်မိလျက်သား ဖြစ်နေတတ်တယ်။ များသောအားဖြင့် အဲဒီလို ကိုယ့်ကိုယ်ကိုကိုယ် သိပ်ပြီးတော့ မစဉ်းမစားအကာအကွယ်ပေးတာမျိုး လုပ်တဲ့အတွက် အကာအကွယ်ပေးတာလွန်သွားပြီးတော့ ပဋိပက္ခပိုဖြစ်စေပြီး ပြဿနာကိုပိုပြီးကြီးစေတယ်။ ပြဿနာရဲ့အခြေအနေကို သေသေချာချာနားလည်ပြီးတော့ ညှိယူဖို့မစဉ်းစားတော့ဘဲနဲ့ နည်းနည်းလေးမှအထိမခံဘူးဆိုတဲ့ သဘောထားမျိုးဖြစ်လာတယ်။ အခက်အခဲပြဿနာကြုံတဲ့အခါမှာ ကိုယ့်ဘက်သူ့ဘက် နှစ်ဖက်မျှပြီးတော့ကြည့်တတ်မှ ပြဿနာပြေလည်မယ်။ ကိုယ့်ဘက်ကြီးသက်သက် တစ်ဖက်သတ်ကြည့်ပြီးတော့ ကိုယ့်ဘက်က တစ်လက်မမှလျော့မပေးဘူးဆိုတဲ့ သဘောထားမျိုးရှိနေလို့ရှိရင် ပြဿနာဟာ ပိုပြီးတော့တင်းမာသွားလိမ့်မယ်။ နောက်တစ်နည်းကတော့(ခုနပြောတဲ့သူလိုပဲ) အမြဲတမ်းအရှုံးပေးလိုက်မယ်။ တစ်ယောက်ယောက်နဲ့ရင်ဆိုင်ပြီး အကြိတ်အနယ်ပြောရတော့မယ်ဆိုရင် ဘယ်တော့မှမပြောဘူး။ အမြဲတမ်းအရှုံးပေးလိုက်တယ်။ အဲဒီလိုအရှုံးပေးတော့ကော ဘာဖြစ်သလဲ။ အဲဒီလိုအရှုံးပေးလိုက်တဲ့အခါမှာ ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ရှုထောင့်ကို ဖော်ပြခွင့်မရတော့ဘူး။ အဆုံးရှုံးခံလိုက်ရတယ်။ ကိုယ့်ရဲ့ခံစားချက်ကိုလည်းပဲ ဖော်ပြခွင့်မရတော့ဘူး။ အဆုံးရှုံးခံလိုက်ရတယ်။ အမြဲတမ်းအရှုံးပေးနေရတော့ ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှုမရှိတော့ဘူး။ ဒါလည်း ဆုံးရှုံးမှုတစ်ခုဘဲ။ သူတစ်ပါးမတရားနိုင်တာကို ခံလိုက်ရတဲ့သူဟာ သူ့ကိုယ်သူလေးစားမှု ကျသွားတယ်။ ဒါဟာ အင်မတန်ကြီးမားတဲ့ဆုံးရှုံးမှုပဲ။ ပတ်ဝန်းကျင်ကလူတွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း  " ကြည့် ဟိုတစ်ယောက်က သူ့ကိုမတရားအနိုင်ကျင့်နေတာကို သူကတော့ခေါင်းငုံ့ခံနေတယ်၊ အ လိုက်တာ၊ ညံ့ လိုက်တာ၊ သနားစရာသတ္တဝါလေး၊ ဘာမှမတတ်နိုင်ရှာဘူး" အဲဒီလိုအမြင်ခံရတာကိုက ကိုယ့်အပေါ်မှာ(respect ) လေးစားမှုကျသွားပြီနော်။ အရှုံးပေးရင် self-respect  ဟာ ကျသွားတယ်။ ကိုယ့်ရဲ့ခံစားချက် ( feeling ) တွေဟာ အသိအမှတ်ပြုတာမခံရဘူး။ ကိုယ့်ရဲ့ခံစားချက်ကိုလည်း ဖော်ပြခွင့်မရဘူး။ ကိုယ့်ရဲ့ရှုထောင့် ကိုယ့်ရဲ့အမြင်တွေကို ဖော်ပြခွင့်လည်းမရတော့၊ ဒီလူရဲ့ စိတ်ထဲမှာ မကျေမနပ်ကြီး မအီမလည်ကြီး ဖြစ်ကျန်ရစ်မှာပဲနော်။ အမြဲတမ်း အရှုံးပေးရတဲ့သူဟာ ကြာလို့ရှိရင် သိမ်ငယ်တဲ့စိတ်( inferiority feeling ) ဖြစ်လာတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာကိုပဲ မျက်နှာငယ်တဲ့သူ ဖြစ်လာတယ်။
 
�� Response  နဲ့  Reaction ��

������
အကျင့်ပါနေလို့တုံ့ပြန်နေတာမျိုးဟာ ဒီလို နှစ်မျိုးရှိတယ်နော်။ သို့သော်လည်း လူဆိုတာစဉ်းစားတွေးခေါ်တတ်တယ်၊ ဆင်ခြင်သုံးသပ်တတ်တယ်။ ဘာတွေဖြစ်နေတယ်၊ ဘာကြောင့်ဖြစ်နေတယ် ဘယ်လိုပြုပြင်လိုက်ရင်ပိုကောင်းသွားမယ်ဆိုတာကို သိနိုင်တဲ့သူတွေဖြစ်တယ်။ အသိဉာဏ်ရှိတဲ့လူသားဖြစ်တဲ့အတွက်ကြောင့် အခုလိုအခြေအနေမျိုးမှာ ဒီလို(unconciously) သတိမပါအသိဉာဏ်မပါဘဲတုံ့ပြန်နေတာမျိုးမဟုတ်ဘဲ သတိနဲ့ဉာဏ်နဲ့ကြည့်ပြီးတော့ တခြားပိုကောင်းတဲ့လုပ်နည်းလုပ်ဟန်တွေ ရှာရမယ်။ ရှိတယ်။ အဲဒီလိုပိုကောင်းတဲ့ တခြားရွေးချယ်စရာ(options)နည်းလမ်းတွေကို ရအောင်ရှာမယ်ဆိုပြီးရည်ရွယ်ချက်ထားပြီး လေ့ကျင့်ယူရမယ်၊ပြုစုယူရမယ်။ အလိုအလျောက်ဖြစ်လာမှာမဟုတ်ဘူး။ အကျင့်ပါခဲ့တဲ့ဉာဏ်မပါတဲ့နည်းတွေထက် ပိုကောင်းတဲ့နည်းတွေရှိသေးတယ်ဆိုတာကိုသိဖို့လိုတယ်။ အဲဒါကိုလေ့ကျင့်ယူရမယ်။
             ����ဆက်ဆံရေးတိုင်းမှာသတိထားရမှာက ရန်လည်းမလုပ်ဘူး၊ထွက်လည်းမပြေးဘူး၊ အနိုင်လည်းမယူဘူး၊အရှုံးလည်းမပေးဘူး၊ တခြားတစ်နည်းနည်းနဲ့ ပြေလည်အောင်လုပ်လို့ရတယ်ဆိုတာကို မမေ့ဖို့ဘဲ"����
                 အဲဒီတခြားနည်းလမ်းတွေဟာ ထူးထူးဆန်းဆန်း အလိုအလျောက်ပေါ်လာမှာမဟုတ်ဘူး။ အထူးသဖြင့် သူများနဲ့ဆက်ဆံတဲ့အခါမှာ ကိုယ့်ရဲ့ဆက်ဆံပုံဟာ အလိုအလျောက်အကျင့်ပါနေလို့ ကိုယ့်ကိုယ်ကိုကိုယ်အကာအကွယ်ယူလွန်းတာ၊ အထိမခံတာ သို့မဟုတ် သူများကိုအနိုင်ယူအနိုင်ကျင့်တာ များနေတတ်ပြီးတော့ ကိုယ့်အကျင့်ကို ကိုယ် သေသေချာချာမြင်အောင်ကြည့်ဖို့အရေးကို အလေးမထားခဲ့ရင် ပိုကောင်းတဲ့နည်းကိုရဖို့ အရေးမစိုက်တော့ဘူး။ ဒီလိုပိုကောင်းတဲ့နည်းလမ်းကိုရှာတယ်ဆိုတာ သင့်တော်တဲ့လုပ်နည်းကို ရွေးယူတာပါ။ အလိုအလျောက်တုံ့ပြန်မှုနောက်ကို မျောပါသွားတာမဟုတ်ဘူး။ Response နဲ့ Reaction ဆိုတဲ့ ဒီစကားနှစ်လုံးကို သေသေချာချာသဘောပေါက်ထားဖို့လိုတယ်။ အဲဒါကိုအမြဲတမ်း သတိရှိဖို့လည်းလိုတယ်။ သတိနဲ့ ဉာဏ်နဲ့ကြည့်ပြီးတော့ ရွေးချယ်ပြီးတော့ပြုလုပ်တဲ့ကိစ္စကို၊ အခြေအနေကိုကြည့်ပြီးတော့ အခြေအနေနဲ့သင့်တော်အောင်ပြုလုပ်တဲ့ကိစ္စကို Response လို့ခေါ်တယ်။ သတိမပါဉာဏ်မပါဘဲနဲ့ အလိုအလျောက်တုံ့ပြန်လိုက်တာကို Reaction လို့ခေါ်တယ်။ ဉာဏ်မပါရင် Reaction လို့ခေါ်တယ်။ ဉာဏ်ပါရင် Response လို့ခေါ်တယ်။ ဉာဏ်ပါပါနဲ့အကောင်းဆုံးဖြစ်အောင်လုပ်တတ်တဲ့ အလေ့အကျင့်ကိုရအောင် သတိနဲ့ပြောတဲ့အကျင့်ကို လုပ်မှဖြစ်မယ်။

  �� ကိုယ့်ဘက်ကတာဝန်ကိုယ်ယူ ��

��စကားပြောတယ်ဆိုကတည်းက နောက်တစ်ယောက်နဲ့ပြောရတာ။ စကားပြောတယ်ဆိုတာ communication ရှိတာ။ communication ရှိရင် relationship ဆက်ဆံရေးရှိတယ်။ communication မရှိတော့ဘူး၊ စကားမပြောတော့ဘူးဆိုရင် relationship ဆက်ဆံရေးမရှိတော့ဘူး။ communication နဲ့ relationship ဟာတွဲနေတယ်။��

������
The quality of my communication is the quality of my life.
ကိုယ့်ရဲ့ပြောပုံဆိုပုံ ဆက်ဆံပုံအရည်အသွေးဟာ ကိုယ့်ဘဝရဲ့အရည်အသွေးပဲလို့တောင် ပြောလို့ရတယ်။ ဆက်ဆံရေးမှာအရည်အသွေးမြင့်မားရင် ဘဝအရည်အသွေးမြင့်မားတယ်လို့ ဆိုနိုင်တယ်။ အဲဒါကြောင့် ကိုယ့်ကိုစိတ်ပင်ပန်းစေတဲ့ လူတွေနဲ့ဆက်ဆံရေးမှာ ကိုယ့်ဘက်ကတာဝန်ကို ကိုယ်ယူရမယ်။ ကိုယ့်အမြင်၊ကိုယ့်ရှုထောင့်၊ကိုယ့်သဘောထားတွေ၊ ကိုယ့်အတွေး၊ကိုယ့်ခံစားချက်၊ကိုယ့်အပြုအမူတွေ မလွဲအောင်မမှားအောင် ကိုယ့်ဘက်ကတာဝန်ကို ကိုယ်ယူရမယ်။ ဒါကြောင့် စကားပြောတဲ့အခါမှာ ကိုယ့်သဘောထား၊ ကိုယ့်ခံစားချက်၊ ကိုယ့်အပြုအမူ၊ ကိုယ့်ရဲ့ပြောပုံဆိုပုံ၊ စကားလုံးအသုံးအနှုန်း၊ အသံနေအသံထားတွေကို သိရမယ်။ သိနေမှ တာဝန်ယူနိုင်မယ်။ သူ့ကို ငါဘယ်လိုမြင်သလဲ၊ သူနဲ့ပတ်သက်ပြီးတော့ ငါဘာကိုတွေးတတ်သလဲ၊ သူနဲ့ပတ်သက်ပြီးတော့ ငါ့မှာဘယ်လိုခံစားမှုမျိုးဖြစ်သလဲ၊ သူနဲ့ဆက်ဆံနေတဲ့အခါမှာ ငါအပြုအမူ ငါ့အမူအရာဟာ ဘယ်လိုဖြစ်နေတတ်သလဲ။ ဒါတွေကို သတိနဲ့ကြည့်ပြီးတော့ သိနေဖို့လိုတယ်။ သူ့ကိုငါကြောက်သလား၊ အထင်ကြီးသလား၊ အထင်သေးသလား၊ မယုံသင်္ကာဖြစ်သလား၊ သူ့ကိုခင်မင်သလား၊ လေးစားသလား၊ ချစ်သလား၊ မုန်းသလား၊ ယုံကြည်သလား၊ အားကိုးသလား။ ဘာပဲဖြစ်ဖြစ်ပေါ့၊ သူနဲ့ပတ်သက်တဲ့ ကောင်းတဲ့အတွေး၊ဆိုးတဲ့အတွေးအားလုံးကို သိနေဖို့လိုတယ်။ ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ ကိုယ့်ဘက်ကယူရမယ့်တာဝန်  ရှိတယ်ဆိုတာကို နားလည်ဖို့လိုတယ်။ တာဝန်ယူဖို့ဆိုတာက ကိုယ့်ကြောင့် ပိုပြီးတော့ဆိုးမသွားအောင် သတိထားဖို့လိုတယ်။ ထိန်းသိမ်းဖို့လိုတယ်။ အကယ်၍ သူကမှားနေတယ်ဆိုဦးတော့ ကိုယ်ကပါမှားသွားလို့ရှိရင် နှစ်ယောက်လုံးအမှားဖြစ်သွားပြီ။ သူ့အမှားကကိုယ့်အမှားကို အမှန်ဖြစ်အောင်လုပ်မပေးနိုင်ဘူး။ တချို့လူတွေရဲ့သဘောထားက "သူကဒီလိုသဘောထားရင် ငါကလည်းသူ့လိုပဲသဘောထားလိုက်မှာပေါ့။ သူကမှမကောင်းရင် ငါကလည်းမကောင်းနိုင်ဘူးပေါ့။" ဒီလိုသဘောထားမျိုး ရှိတတ်တယ်နော်။ အဲဒီလိုသဘောထားမျိုးထားလိုက်ရင် ကိုယ့်ဘက်ကကိုယ့်တာဝန်ကို မယူရာရောက်သွားပြီ။ အဲဒီလို သူကသဘောထားဆိုးလို့ ကိုယ်ကလည်းသဘောထားဆိုးဆိုးကို ထားပိုင်ခွင့်ရှိတယ်လို့ယူဆလိုက်လို့ရှိရင် ဒီဆက်ဆံရေးဟာ ကောင်းလာနိုင်မလား။ ကောင်းလာနိုင်မှာမဟုတ်တော့ဘူးနော်။ ကိုယ့်ဘက်က ကိုယ့်တာဝန်ကို ကိုယ်မယူရာရောက်သွားပြီ။

�� ဆက်ဆံရေးမှာသတိပါဖို့ ��

������
(Relationships are based on connectedness)
ပေါင်းသင်းဆက်ဆံရေးဆိုတာ တစ်ဦးနဲ့တစ်ဦးဆက်စပ်မှုပေါ်မှာ အခြေခံတယ်နော်။ လူဆိုတာ တစ်ယောက်တည်းနေလို့မရဘူး။ အဲဒါကို အလေးထားဖို့လိုတယ်။ လူဆိုတာ လူတွေနဲ့ကင်းကွာပြီးနေလို့မရဘူး။ တချို့လူတွေက မာနကြီးကြီးနဲ့ပြောလေ့ရှိတယ်။ "ဘယ်သူမှမရှိလည်း ငါတစ်ယောက်တည်းနေမယ်" အဲဒါ အပြောသာကြီးတာ။ တကယ်တစ်ယောက်တည်းနေကြည့်၊ နေလို့မဖြစ်ဘူး။ တစ်ယောက်တည်းနေရင် ဘဝဟာမစိုပြည်တော့ဘူး၊ ပျင်းခြောက်ခြောက်ကြီးဖြစ်နေမယ်။ စိတ်ဓါတ်တို့အသိဉာဏ်တို့ ရင့်ကျက်မှု၊တိုးတက်မှု မရှိတော့ဘူး။ အဲဒီလိုလူဟာ ပိုပြီးတော့ ရန်လိုမုန်းထားတဲ့စိတ်ရှိတယ်။ တချို့ကလည်းပြောတတ်တယ်၊ ငါ ဘယ်သူ့ကိုမှမလိုဘူး။ အဲဒီလိုစကားမျိုး ဘယ်သူ့ကိုမှမပြောမိဖို့ အရေးကြီးတယ်နော်။ ငါလည်းသင့်ကိုလိုအပ်သလို သင်လည်းငါ့ကိုလိုအပ်တယ်။ တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီဖို့လိုတယ်။ Interdependent  ဖြစ်ဖို့လိုတယ်။ လူလူချင်းစကားပြောတဲ့အခါမှ တစ်ယောက်နဲ့တစ်ယောက် အသိအမြင်ချင်းဖလှယ်ကြရတယ်။ အဲဒီလိုအသိအမြင်ချင်းဖလှယ်လို့ရှိရင် အသိသစ်၊အမြင်သစ်တွေကိုရတယ်။ ပေါင်းနည်းဆက်ဆံနည်းအသစ်တွေကိုရတယ်။ ကိုယ့်တစ်ဖက်သတ်တည်းအမြင်ဟာ မပြည့်စုံနိုင်ဘူး။ ဘယ်နည်းနဲ့မှမပြည့်စုံနိုင်ဘူး။ ဘယ်လောက်ပဲပညာတတ်တဲ့သူဖြစ်ဖြစ် သူ့တစ်ယောက်တည်းအမြင်ဟာ ဘယ်တော့မှမပြည့်စုံနိုင်ဘူး။ ကျန်တဲ့သူတွေဘယ်လိုမြင်တယ် ဘယ်လိုခံစားရတယ်ဆိုတာကို သိဖို့လိုတယ်နော်။ လူကြီးနေရာမှာနေရတဲ့သူတွေဟာ ကိုယ့်အောက်ကလူတွေဘယ်လိုခံစားရတယ်ဆိုတာ သိမှရတယ်။ ညှိပြီးလုပ်မှရတာကိုး။
               
������
ကိုယ့်ရဲ့ခံစားချက်တွေကို သတိထားပြီးကြည့်ရင်းကြည့်ရင်းနဲ့ သိသင့်သလောက်သိနိုင်တဲ့အခြေအနေကိုရောက်လာရင် တစ်ယောက်နဲ့တစ်ယောက်ပြောတဲ့ဆိုတဲ့အခါမှာ ကြောက်တာ၊စိုးရိမ်တာနည်းသွားမယ်။ ကြောက်နေ၊စိုးရိမ်နေရင် မပြောရဲမဆိုရဲဖြစ်နေတယ်။ ပြောတာဆိုတာတွေဟာလွဲမှားနေတတ်တယ်။ အမှန်အတိုင်းမပြောဘူး။ စကားတွေကိုချန်ထားတယ်။ ဒါကြောင့် ပြောတာဆိုတာတွေဟာမပြည့်စုံဘူး။ Communication ဟာ Complete မဖြစ်ဘူး။ သတိရှိနေရင် ပိုပြီး Communicate လုပ်နိုင်တယ်၊ ပြည့်စုံအောင်ပြောနိုင်တယ်။ ပြည့်ပြည့်စုံစုံပြောနိုင်ရင် စိတ်ကျေနပ်မှုတစ်မျိုးရတယ်။ ကိုယ့်ရဲ့သဘောထားကို၊ ကိုယ့်ရဲ့အခက်အခဲကို တင်ပြခွင့်၊ပြောပြခွင့်မရှိရင်  (Fear,Insecurity) ကြောက်တာ၊စိုးရိမ်တာပိုဖြစ်လာတယ်။ ရန်လိုတဲ့စိတ်ပိုဖြစ်တယ်။ ဆက်ဆံရေးမှာပြောရဆိုရတဲ့အခါ ကြောက်နေတဲ့ခံစားမှု၊စိုးရိမ်နေတဲ့ခံစားမှုဖြစ်နေတဲ့အခါ စိတ်ဆိုးနေတဲ့အခါ ဒုက္ခရောက်နိုင်တယ်လို့ခံစားနေရတဲ့အခါမျိုးမှာတောင် ပြောနေဆိုနေတာကိုသတိထားနိုင်ရင် သိပြီးပြောနိုင်ရင် ဆက်ဆံရေးထူးထူးခြားခြားတိုးတက်ကောင်းမွန်လာအောင် လုပ်နိုင်တဲ့စွမ်းရည်တိုးလာနိုင်တယ်။ Communication မှာ Mindfulness ပါလာလို့ရှိရင်၊ ပြောတဲ့ဆိုတဲ့အခါမှာသတိပါလာလို့ရှိရင် မူလတုန်းကအခြေအနေဟာ အန္တရာယ်ရှိတဲ့အခြေအနေမျိုး၊ စိတ်ဆိုးစရာအခြေအနေမျိုး၊ ကြောက်စရာအခြေအနေမျိုးဖြစ်နေသော်လည်းပဲ ဆက်ဆံရေးဟာ အများကြီးကောင်းတဲ့ဘက်ကိုပြောင်းလဲလာနိုင်တယ်။ သတိရှိနေရင် အခြေအနေကောင်းလာနိုင်တယ်။ ဒါကြောင့် သတိနဲ့ပြောပါ။ အခြေအနေဘယ်လောက်ဆိုးနေဆိုးနေ သတိရှိနေလို့ရှိရင် အဲဒီအခြေအနေဟာကောင်းလာနိုင်တယ်။ အကျဉ်းချုံးလိုက်ရင် အဲဒါပဲနော်။��������

��ဆရာတော်ဦးဇောတိက��
   ��(မဟာမြိုင်တောရ)��

��သတိနဲ့ပြောပါ၊ ဒေါသကိုနားလည်ပါ၊ အလုပ်တွင်မွေ့လျော်ခြင်း။��
                      ✍�� စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊ ✍��
                                 �� စာမျက်နှာ( ၈-၂၂ ) ��

No comments:

Post a Comment