Monday, October 3, 2016

ယောကျာ်းတွေက သူတို့မိန်းမတွေကို လှပသန့်ရှင်းနေမှ ကြိုက်တယ်။

ယောကျာ်းတွေက သူတို့မိန်းမတွေကို လှပသန့်ရှင်းနေမှ ကြိုက်တယ်။ ကပိုကရို နေတာမကြိုက်ကြဘူး။
သိမ်မွေ့တာကိုကြိုက်တယ်။ ကြမ်းတမ်းတာကိုမကြိုက်ဘူး။
ထက်မြတ်တာကိုကြိုက်တယ်။ 'ထုံအ'တာကိုမကြိုက်ဘူး။

အိမ်ထောင်မှု နိုင်နင်း အချက်အပြုတ် တော်တာကို ကြိုက်တယ်။ လတ်လျား လတ်လျားနဲ့ အိမ်ထောင်မှု မနိုင်နင်းရင် မကြိုက်ဘူး။ စိတ်ကုန်သွားတတ်ကြတယ်။

အဲတော့……ကိုယ့်ယောကျာ်း ကိုယ့်အပေါ် အချစ်မြဲအောင်၊ စိတ်မကုန်သွားအောင်၊ အမြဲကြိုက်နေအောင်၊ လှအောင် နေကြရတယ်။ သိမ်သိမ်မွေ့မွေ့နေကြရတယ်။
သွက်သွက်လက်လက် နေကြရတယ်။ ဆိုင်တော့လည်း မဆိုင်ပါဘူးနော်………

တချို့မိန်းမတွေဆို လှလိုက်ကြတာ ဖယောင်းရုပ်လေးလိုပဲ။ ဒါပေမယ့်…… ယောကျာ်းက KTV က မထွက်ဘူး။ တချို့မိန်းမတွေဆို သိမ်မွေ့လိုက်တာမှ လမ်းလျှောက်ရင်တောင် ဖြည်းဖြည်းလေး။ ယောကျာ်းက အပျော်အပါး လိုက်စားလို့ AIDS ဖြစ်တာ သူပါ ကူးပြီး ရှေ့ဆင့် နောက်ဆင့် ဆုံးသွားရတယ်။

တချို့မိန်းမတွေဆို ထက်မြတ်လိုက်တာမှ လူမှုရေး သားသမီးရေး အပြင် စီးပွားရေးတွေကအစ ကိုယ်တိုင်လုပ်။ ဒါပေမယ့်…… ယောကျာ်းက အိမ်မှာခိုင်းတဲ့ အိမ်ဖော်နဲ့ ဖောက်ပြန်နေကြတယ်။

တချို့မိန်းမတွေဆို အိမ်မှာ ထမင်းဟင်းချက် တော်ကြတယ်။ မိန်းမပီပီသသ အိမ်ထောင်မှု တာဝန်တွေနဲ့ အချိန်ကုန်တယ်။ ဒါပေမယ့်…… ယောကျာ်းက အိမ်ဖော်လို မြင်လာပြီး လူတောမတိုးသလို ဆက်ဆံလာပြီး အလန်းလေးတွေနဲ့မှ ပလူးချင် မြူးချင် လာကြတယ်။ စိတ်ကုန်လာပြီဆိုတဲ့ အကျိုးဆက်ရဲ့ အကြောင်းက မချစ်တော့လို့ပါပဲ………။

ကိုယ် ဘယ်လောက်လှလှ၊ ဘယ်လောက်တော်တော် ကိုယ့်ကို မချစ်တဲ့ ယောကျာ်းက မချစ်တာပဲ။ တန်ဖိုးဆိုတာ တန်ဖိုးထားတတ်တဲ့ လူရဲ့လက်ထဲရောက်မှ တန်ဖိုးရှိတာပါ။

အဲတော့…… မိန်းမတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးမျိုး ရှိအောင် ကြိုးစားရုံကလွဲပြီး ယောကျာ်းးတစ်ယောက် ကြိုက်နေအောင် အစစအရာရာ လိုက်ပြီး ကြိုးစားနေရင်တော့ အမှားအပေါ် အမှားတွေ ဆင့်နေကြအုံးမှာပဲ………။

ကိုယ့်အမူအကျင့်တွေကို သူချစ်အောင် ပြင်ဆင်စရာမလိုဘူး။ သူချစ်ရင် ကိုယ့်အမူအကျင့်တွေကို ကျေကျေနပ်နပ်ကြီး လက်ခံလိမ့်မယ်။ ကိုယ့်ကို မချစ်မနှစ်သက်တဲ့ လူအတွက်နဲ့ ကိုယ့်ရဲ့ ကြိုးစား ပြင်ဆင်မှုတွေက အလဟသပဲ ဖြစ်နေလိမ့်မယ်။

ကိုယ့်တန်ဖိုး မသိတတ်တဲ့သူအတွက် အချိန်ကုန်မခံပါနဲ့။ ယောကျာ်းကောင်းတွေ အများကြီးရှိပါတယ်။ ကိုယ့်ကို တန်ဖိုးထားမြတ်နိုးတဲ့ ယောကျာ်းဆိုတာ တစ်ယောက်မက အနည်းဆုံး တစ်ယောက်တော့ ရှိကောင်း ရှိမှာပါ။

Credit to Original Writer

No comments:

Post a Comment