Monday, October 3, 2016

မေမေကပြောတယ်

မေမေကပြောတယ်
______________

မေမေကပြောတယ်... စိတ်တိုတဲ့အချိန် ရန်မဖြစ်နဲ့။ စကားမပြောလို့ရတယ်၊ သူ့အဝတ်အစား မလျှော်ပေးလို့ရတယ်၊ ဒါပေမယ့် သူနဲ့အော်ကြီးဟစ်ကျယ် ရန်မဖြစ်နဲ့။

မေမေကပြောတယ်... ယောက်ျားနဲ့ရန်ဖြစ်ပြီး အပြင်ကိုရှောင်ထွက်မသွားနဲ့။ သင့်ဆီ သူခြေတစ်လှမ်းတိုးရင် သူ့ဆီကို သင်ခြေနှစ်လှမ်းတိုးပါ။

မေမေကပြောတယ်... အိမ်ဆိုတာ မိန်းမတစ်ယောက်ရဲ့စတည်းချရာနေရာပါ။ ဒါကြောင့် ဘာအကြောင်းပဲဖြစ်ဖြစ် အိမ်ပေါ်ကမဆင်းပါနဲ့။ အိမ်ကဆင်းရင် ပြန်လာမယ့်လမ်းခက်သွားပြီ။

မေမေကပြောတယ်.... နှစ်ယောက်သား အိမ်မှာနေကြတဲ့အခါ မျက်နှာသာရဖို့ကိုပဲ ဦးစားမပေးပါနဲ့။
နှစ်ယောက်သား ဘဝကိုဖြတ်သန်းနေချိန်မှာ မျက်နှာသာက အရေးကြီးသလား။ ဒီလိုဆိုရင် အပြင်ထွက်တဲ့အခါ ဘယ်လိုလုပ်မလဲ။

မေမေကပြောတယ်.... ယောက်ျားတစ်ယောက်ဟာ ဘယ်လောက်ပဲပိုက်ဆံရှိရှိ သန့်ရှင်းတဲ့သင့်ကို သန့်သန့်ရှင်းရှင်းဖြစ်နေတဲ့နေအိမ်မှာ သူ့အပြန်ကိုစောင့်နေတာပဲ သူမျှော်လင့်ပါတယ်။

မေမေကပြောတယ်.... ယောက်ျားကောင်းတွေ အများကြီးရှိပါတယ်။ တခြားမိန်းကလေးကို သူသွားမပွေ့ဖက်တတ်ပေမယ့် ဒီလောကကြီးမှာ သင့်ယောက်ျားကိုလာပွေ့ဖက်တတ်တဲ့ မိန်းမဆိုးတွေလည်း အများကြီးရှိပါတယ်။

မေမေကပြောတယ်.... မိန်းမတစ်ယောက်က အလုပ်လုပ်ကိုလုပ်ရပါမယ်။ ဝင်ငွေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အလုပ်ဆိုတာ ကိုယ့်ဘဝလူ့တန်းဖိုးဖြစ်တယ်။ အိမ်မှာပဲနေရင် ယောက်ျားက "သူ့ကို ငါကျွေးထားတယ်လေ"လို့ ပြောဖို့အခွင့်အရေးရသွားမယ်။

မေမေကပြောတယ်.... သင် အပြင်မှာအလုပ်လုပ်ရင် အိမ်က ကိစ္စဝိစ္စတွေကိုလည်း မလစ်ဟင်းစေပါနဲ့။ ဒီလိုမှ မဟုတ်ရင် ကိုယ့်ပိုက်ဆံနဲ့ အိမ်အကူတစ်ယောက်ငှားနိုင်ပါတယ်။ အိမ်မူကိစ္စကို သေချာလုပ်ရပါတယ်။ ကလေးတွေကိုလည်း ကောင်းမွန်အောင် သွန်သင်ရပါတယ်။

မေမေကပြောတယ်..... သင်မျှော်လင့်မထားတဲ့အရာကို သူလုပ်ပေးတဲ့အခါ သင်စိတ်လှုပ်ရှားနိုင်သလို သူ့ကို သင်ချီးမွမ်းနိုင်ပါတယ်။
"မလုပ်စဖူးတော်... အနောက်ဘက်ကနေ နေထွက်လာဦးမယ်"လို့ လှောင်ရယ်ခနဲတဲ့စကားကို လုံးဝမပြောပါနဲ့။ ဒီလိုဆိုရင် သင့်အတွက် နောက်တစ်ကြိမ် သူလုပ်ပေးတော့မှာ မဟုတ်ပါဘူး။

မေမေကပြောတယ်... ဘယ်သူကမှ ဘယ်သူ့ရဲ့တခြားအခြမ်းမဟုတ်ပါဘူး။ သင်တွေးတောနေတာကို သင်ထုတ်မပြောရင် သူဘယ်လိုသိနိုင်မလဲ။ ဘယ်လိုခံစားရတယ်၊ ဘာကိုမကြိုက်ဘူးဆိုတာကို သင်ထုတ်မပြောရင် သင့်စိတ်ကို ဘယ်သူမှ နားမလည်နိုင်ပါဘူး။

မေမေကပြောတယ်.... သူ့မိဘကလည်း သင့်မိဘပါပဲ။ သူ့မိဘက သင့်အပေါ်မကောင်းခဲ့ရင်တောင် သူတို့အပေါ် သင်ကောင်းရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူ့မိဘမို့လို့ပါ။

မေမေကပြောတယ်... သူနဲ့အတူ ထာဝရလက်တွဲမယ်လို့ဆုံးဖြတ်ပြီးရင် အဆင်မပြေတဲ့နေ့ရက်တွေကို ညည်းတွားမနေပါနဲ့တော့။ သူ့ကို သင်ရွေးချယ်ပြီးမှတော့ သူ့ကိုလည်း သွားအပြစ်မတင်ပါနဲ့တော့၊ ချွတ်ယွင်းအားနည်းချက်ကို သွားမထိုးဆွပါနဲ့တော့။

မေမေကပြောတယ်... ပိုက်ဆံအများကြီးရှိနေလည်း အသုံးမဝင်ပါဘူး။ ပိုက်ဆံအများကြီးရှာပေးပြီး လူက ကိုယ့်အနားမရှိနေရင်လည်း အလကားပါ။

မေမေကပြောတယ်... ဘဝတစ်သက်အတွက် သင် ပိုက်ဆံဘယ်လောက်ဖြုန်းနိုင်မလဲ။ နာမည်ကြီးတံဆိပ်တွေ မဝယ်နိုင်၊ မဝတ်နိုင်လို့ဆိုပြီး အားမငယ်ပါနဲ့။ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေဖို့က အဓိကပါ။ နာမည်ကြီးတံဆိပ်တွေ ဝတ်ပြီး မပျော်ရွှင်သူတွေ အများကြီးပါ။

မေမေကပြောတယ်... ကလေးကို "သား(သမီး)ကို မေမေမယူတော့ဘူး၊ မချစ်တော့ဘူး"လို့ မခြိမ်းခြောက်ပါနဲ့။ စိတ်တိုဒေါသဖြစ်တဲ့အချိန် ကလေးကို တံခါးအပြင်ဖက် ထုတ်မထားပါနဲ့။ တကယ်လို့ သူတကယ်ပျောက်သွားရင် သင်ပဲနာကျင်ဝမ်းနည်းလိမ့်မယ်။

မေမေကပြောတယ်... ကလေးကို မရိုက်ပါနဲ့... အထူးသဖြင့် လူရှေ့သူရှေ့မှာ မရိုက်ပါနဲ့၊ မဆူပါနဲ့။

မေမေကပြောတယ်.... ရန်ဖြစ်ငြင်းခုံတဲ့နေ့ရက်တွေက အချစ်ကို ပိုတက်ကြွစေတယ်၊ ပိုရိုမန်တစ်ဆန်စေတယ်ဆိုပေမယ့် လက်တွေ့မကျပါဘူး.. ရိုးရိုးရှင်းရှင်းက အကောင်းဆုံးပါ။

မေမေကပြောတယ်... ဖူးစာပါလို့ ပေါင်းဖက်ကြရပြီ။ ဘဝဆိုတာ မမြဲခြင်းတရားပါ။ ဒါကြောင့် နေ့ရက်တစ်ရက်တိုင်းကို တန်ဖိုးထားပါ။ ကိုယ့်မိသားစုကို တန်ဖိုးထားပါ။

**** သူ့မေမေလည်း သူ့ကို ဒါတွေ ပြောပြနိုင်ပါစေ...

မေမေပြောတဲ့စကားတွေကို နိုင်းနိုင်းစနေ ဘာသာပြန်မျှဝေပါတယ်..

(May. 1. 2014)
.

No comments:

Post a Comment