#ရင်ခွင်မဲ့ဘဝ
အမေ……လို့
တစ်ဝကြီး ခေါ်ချင်လိုက်တာ အမေ ။
အဖေ……လို့
တစ်ဝကြီး ခေါ်ချင်လိုက်တာ အဖေ ။
လူတကာရဲ့ မျက်ဝန်းအစုံက
အဓိပ္ပါယ် အပြည့်နဲ့အကြည့်တွေ
တစ်ချို့ တစ်ချို့ ခါးသီးလိုက်တာ အမေ
တစ်ချို့ တစ်ချို့ ချိုသာလိုက်တာ အဖေ ။
သမီးတို့ ဘဝမှာလေ
အိပ်စရာ အိမ်မလိုဘူး အမေ
လူဝင်ဆံ့ဖို့ ဂုဏ်မလိုဘူး အဖေ
အညတရတွေမို့ အလှပမလိုဘူး လေ
ဘဝကပေးတဲ့ လောကဓံကို
အံတုရင်ဆိုင် တင်းခံနိုင်ဖို့
သီတာစိမ့်စမ်း ဘယ်မခမ်းပမာ
ခိုလှုံရာ ရင်ခွင်တစ်ခု
အတုမရှိတဲ့ မိဘပဲ လိုတာပါ ။
ဘယ်မှာလည်း အမေ…
ဘယ်မှာလည်း အဖေ…
ဘယ်မှာရှာဖွေ တွေ့လိမ့်မလဲ
တွေးခြိမ့်ခြိမ့်ငို အားအင်ပြိုလဲ
ရင်ကွဲမတတ် မျက်ရည်တစ်ဖက်နဲ့
လက်ကလေးဖြန့် ဝမ်းဝရေးအတွက်
မနက်ညနေ ညဘက်တွေလည်း
လမ်းတွေပေါ်တက် ရတက်အေးဖို့
အသက်ဆက်ရသေးတယ် အမေ ။
တစ်ချို့ စကား ရင်စို့သွားတယ် အမေ
ပညာတတ်မှ လူရာဝင်မယ်တဲ့
ပညာဆိုတာ ဘာလဲအမေ
လူရာဝင်တာ ဘာလဲအဖေ
အဝိုင်းလေး တစ်ခုကို
သူများတွေလို ဘက်စုံမမြင်တတ်
ရင်ဘတ်မှာ ဟာနေတဲ့ကွက်လပ်တစ်ခုအဖြစ်
သမီးချစ်တဲ့ မိဘပဲသိတယ် ။
အမေ တကယ်တော့
ပစ်ချင်လို့ ပစ်ခဲ့တာမဟုတ်ပါဘူးနော်
မလွဲသာမရှောင်သာလို့
ရင်ကွဲခံပြီး စွန့်ခဲ့တာမဟုတ်လား အမေ ။
အဖေ တကယ်တော့
ပစ်ရက်လို့ ပစ်ခဲ့တာမဟုတ်ပါဘူးနော်
ချစ်တတ်တဲ့ အဖေ့နှလုံးသားမှာ
အပြုံးလှလှပေးချင်နေမယ်ဆိုတာ
သမီးသိပါတယ် ……
ဒီဒုက္ခအိုးလေးကို ရင်ကျိုးခံပြီး
စွန့်ပစ်ခဲ့တာ မဟုတ်လား ။
ဖြစ်နိုင်မယ်ဆိုရင်လေ
အမေ့ရင်ခွင်တစ်လှည့်ဝင်
အဖေ့ရင်ခွင်တစ်လှည့်တိုးလို့
ဆိုးနွဲ့ပူဆာချင်လိုက်တာ……
အေး အေး အို သီချင်းသံကို
အမေတစ်လှည့် အဖေတစ်ခါ
ဆိုကာချော့သိပ် မိဘအရိပ်ထဲ
တိတ်တိတ်ကလေး မှေးစက်ချင်တယ် အမေ
တိတ်တိတ်ကလေး အိပ်မက်နေမယ် အဖေ ။
No comments:
Post a Comment