Thursday, December 24, 2015

မူကြိုဆရာမ ဆိုသည်​မှာ

မူကြို ဆရာမ ဆိုသည်မှာ
===================

(အိပ်ခန်းထဲ၌ စလောင်းတီဗွီမှ အင်တာဗျူး တစ်ခု လာနေသည်။ ၎င်းအင်တာဗျူးကို စိတ်ဝင်တစား နားထောင်မိခဲ့သည်။ သဘောကျသည်။

ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှာ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။)

ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။

"ဆရာမ တာဝန်ထမ်းတာ ကြာပြီလား"

"၃နှစ်လောက် ရှိပါပြီ"

"ဘာတာဝန် ယူရသလဲ"

"ကလေးတွေရဲ့ သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့  ကလေးတွေ ကိုယ်တိုင်သိဖို့ တာဝန်ကို ယူရပါတယ်"

"မူကြိုဆရာမ အလုပ်ကို ဘာကြောင့် ရွေးချယ်ဖြစ်တာလဲ"

"နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့်  ထိတွေ့ခွင့် ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာ အလုပ်ပဲ ရှိတာလေ။ ဒါကြောင့် မူကြိုဆရာမ အလုပ်ကို ကျွန်မ ရွေးချယ်တာ"

"ဒီထက်ပိုပြီး ရှင်းပြလို့ ရလား"

"ကလေးဆိုတာ ချစ်စရာ ကောင်းတယ်။ အားကိုးစရာကောင်းတယ်။ကြောက်စရာလည်း ကောင်းတယ်ရှင့်"

"ဘာကြောင့်လဲ"

"ရိုးသားလို့ ချစ်စရာ ကောင်းတာလေ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်း ကောင်းတယ်"

"ဒါဖြင့်ရင် ဘာဖြစ်လို့ ကြောက်စရာ ကောင်းတာလဲ"

"ဒီကလေးတွေ ယဉ်ကျေးလိမ္မာခြင်း မရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက် ရန်သူဖြစ်နိုင်လို့ပဲ။ အရှေ့တိုင်း စာပေမှာ အမွေခံ သားဆိုး သမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာ ဖတ်ဖူးတယ်။ဒီတော့ ကလေးဆိုတာ ကျွန်မတို့ ပညာရေး ပေါ်လစီ မှားရင် ရန်သူဖြစ်လာနိုင်တယ်။ဒါကြောင့် ကြောက်တာ"

"ဟုတ်တယ်နှော် -- ဆက်ပြောပါအုံး"

"ကျွန်မ အယူအဆကို ပြောပြမယ်နှော်။ ပညာရေးရဲ့ အဓိက ရည်မှန်းချက်ဆိုတာ ဧကရာဇ်ဘုရင်ကြီးတွေ မွေးဖွား ပေးဖို့လည်း မဟုတ်ဘူး မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်း မဟုတ်ဘူး"

မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး။ ပညာရေးရဲ့ အဓိက ရည်မှန်းချက်ဟာ တိုင်းပြည်အနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။အိမ်တစ်အိမ် အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်း သမီးကောင်း မိသားစုကောင်း ဖြစ်အောင် သင်ကြားပေးခြင်းဟာ အခြေခံ ပညာရေးရဲ့ ရည်မှန်းချက်ပဲ"

"ခင်များ ဖြေတာ တော်တော်ကောင်းတာပဲ ဆက်ပြီး မေးခွင့်ပြုပါ"

"ရပါတယ်"

"လစာ ဘယ်လောက် ရပါသလဲ"

"ဒီမေးခွန်းက မမေးသင့်ဘူး ထင်ပါတယ်"

"ဒီလိုပါ- ဝန်ထမ်းတစ်ယောက်ဟာ လစာ လုံလောက်စွာ မရရင် အကျင့်ပျက် နိုင်တယ်'အကျင့်ပျက် ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူး' ခေတ်အခြေအနေနဲ့ လစာ ညီမျှမှု မရှိခြင်းဟာ အကျင့်ပျက် ဝန်ထမ်းကို မွေးဖွားပေးတတ်တယ် ဒါကြောင့် မေးတာ"

"လစာက လုံလောက်ပါတယ် ခံစားခွင့်တွေလည်း အပြည့်အဝ ပေးထားပါတယ် ဒီတော့ ကျွန်မတို့ဘက်က ကိုယ်လုပ်တဲ့ အလုပ် အပေါ်မှာ စေတနာလည်း ပါသင့်တယ်။ ဝါသနာလည်း ပါသင့်တယ်။ ကိုယ့်အလုပ်ကို ကိုယ် တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ဒါမှ ဝန်ထမ်းကောင်း ဖြစ်မှာရှင့်"

"ဆက်ပြီး မေးပါရစေ"

"ကောင်းပါပြီ-မေးပါရှင်"

"ကလေးတွေက ဥာဏ်ရည် ဘယ်လို နေသလဲ"

"ပြန်ပြီးမေးပါ-မေးခွန်းကို နားမလည်လို့"

"ကလေးတွေက တော်သလား  ညံ့သလားလို့ ဆိုလိုတာပါ"

"ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ်။နှင်းဆီပန်းနဲ့ စပယ်ပန်း
ဘယ်ပန်းက ပိုလှသလဲ"

"ဘာဆိုင်လို့လဲ"

"ဖြေကြည့်ပါ"

"နှင်းဆီပန်းက လှတာပေါ့"

"ကျွန်မ မေးတာက နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းက ပိုလှသလဲလို့ မေးတာလေ"

"ဖြေပြီးပြီလေ-နှင်းဆီပန်းက လှတယ်လို့"

"ကျွန်မ မေးတာ ဘယ်ပန်းကို ပိုကြိုက်သလဲလို့ မေးတာ မဟုတ်ဘူး။ ရှင်က ရှင်ကြိုက်တဲ့ နှင်းဆီပန်းကိုပဲ လှတယ်လို့ ပြောနေတယ်"

"ဟုတ်သားပဲ-ကျုပ်က နှင်းဆီပန်းကို ကြိုက်တယ်ဗျ။ ဒါကြောင့် နှင်းဆီပန်းကို လှတယ်လို့ ပြောလိုက်မိတာ"

"တကယ်တော့ နှင်းဆီပန်းလည်း လှသလို စပယ်ပန်းလည်း လှပါတယ်ရှင့်
ကလေးတွေကို တော်သလား ညံ့သလားဆိုတဲ့ မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ။သူ့အလှနဲ့သူ အားလုံး လှကြပါတယ်။ကျွန်မတို့ လူကြီးတွေကသာ လူငယ်တွေကို ပိုပြီး တန်ဖိုးထားတတ်ကြဖို့ ပိုပြီး လိုအပ်တယ်။ ဘာပဲပြောပြော ကလေးတွေ အားလုံး မညံ့ကြပါဘူး။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းလေးတွေ ရှိနေကြပါတယ်။လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဆိုတာ တိုင်းပြည် တစ်ပြည်ရဲ့သယံဇာတ တစ်ခုပါပဲရှင့် အဲဒီ
စိတ်ကူးစိတ်သန်းတွေကို ဖျက်ဆီး မပစ်ဖို့ပဲ လိုတယ်။လူငယ်တွေရဲ့ အိပ်မက်တွေကို တည်ဆောက်ပေးရခြင်းဟာ နိုင်ငံတစ်ခုရဲ့ တာဝန်ပဲရှင့်"

"ခင်များက ဆရာမ လုပ်သက် အနည်းငယ်သာ ရှိပေမဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို စနစ်တကျ ဖြေတတ်တယ်နှော်"

"စာဖတ်လို့ပါ"

"ဘာစာတွေ ဖတ်သလဲ"

"အစုံဖတ်တယ် အားရင် ကျွန်မက စာဖတ်တယ်"

"ဒါနဲ့ မေးရအုံးမယ်-အိုဘားမားကို နှစ်သက်သလား"

"နှစ်သက်ခဲ့ပါတယ်"

"နောက်ထပ် တစ်ကြိမ်အတွက် ထပ်ပြီး နှစ်သက်နိုင်ပါဦးမလား"

"ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့ အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ် ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်လည်း တစ်မျိုးပေါ့လေ"

"သမ္မတကြီးနဲ့ ခင်များနဲ့ တိုငိးပြည်အတွက် ဘယ်သူက ပိုအရေးကြီးသလဲ"

"တိုင်းပြည်အတွက် ဆိုရင်တော့ သူရော ကျွန်မရော ရှင်ရော  ဒီနိုင်ငံမှာရှိတဲ့ လူတွေ အားလုံး အတူတူပဲအရေးကြီးတယ်။
ရှင့်မေးခွန်းက တစ်ခုခု လိုနေသလိုပဲ။ ဒီနိုင်ငံမှာနေ ဒီမြေ, ဒီရေ, ဒီလေနဲ့ အသက်ရှင်ကြသူ အချင်းချင်း အားလုံးအတွက် အားလုံး အရေးကြီးတယ်အားလုံး အရေးပါတယ်အားလုံးကောင်းမှ အားလုံးကောင်းမှာပေါ့။တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းယုံနဲ့ အားလုံး မကောင်းနိုင်ဘူး"

"All Right…ကောင်းလိုက်တဲ့ အဖြေဗျာ-နောက်ဆုံး မေးခွန်းတစ်ခု မေးပါရစေ သမ္မတကြီးနဲ့ ခင်များ တိုင်းပြည်အတွက် ဘယ်သူက ပိုပြီး တာဝန်ရှိသလဲ"

"ဒါကလည်း ရှင်းရှင်းလေးပါ။ကျွန်မက ပိုပြီး တာဝန်ရှိတာပေါ့"

"ဘာကြောင့်လဲဗျ-ခင်များ အဖြေက တစ်မျိုးကြီးပါလား"

"ဟုတ်တယ်ရှင့်-သမ္မတတို့ ဝန်ကြီးချုပ်တို့ အမတ်တို့ဆိုတာ ပါတီ နောက်ခံတစ်ခုနဲ့ ရွေးချယ်ခြင်း ခံရပြီး တာဝန် အပ်နှင်း ခံရတဲ့ သူတွေလေ (၄)နှစ် သက်တမ်း အတွင်းမှာကို တာဝန်က ရပ်စဲခြင်း ခံရနိုင်တာပဲ ကျွန်မတို့က နိုင်ငံ့ ဝန်ထမ်းတွေရှင့် ပင်စင် မယူမချင်း အလုပ် လုပ်ကြရမှာ တိုင်းပြည်အတွက် ကျွန်မတို့ ဝန်ထမ်းတွေက ပိုပြီး တာဝန် ရှိတာပေါ့ရှင်"

"ကျေးဇူး တင်ပါတယ်။ခင်များ အဖြေကို သဘောကျပါတယ်"

"ကျွန်မကလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်"

=====================================

ကမ္ဘာကျော်လေးများ

=====================================

                                   နှင်းနှင်းနွယ်(RaKhineThu)

Photo!!Credit..1502c130a87

No comments:

Post a Comment