Thursday, December 24, 2015

ကမ္ဘာကျော်မင်းသား ဖြစ်ချင်သူ

ကမ္ဘာကျော်မင်းသား ဖြစ်ချင်သူ
--------------------

မွေးကတည်းက ခန္ဓာကိုယ် တခြမ်း အကြောဆိုင်း၍ ပါလာသည်။ အလယ်တန်း အဆင့်တွင် ပညာသင်စဉ် ရွဲ့နေသော မျက်နှာ တစ်ခြမ်းကို အများက လှောင်ပြောင် သည်ကို မခံနိုင်ဖြစ်ကာ ကိုယ်ခန္ဓာ ကြီးထွား သန်စွမ်း လာအောင် လေ့ကျင့်ခဲ့သည်။

ရုပ်ရှင်မင်းသား ဖြစ်လိုသော် လည်း ဖြတ်လျှောက်သံပေး အဆင့်နေရာ များတွင်သာ အစပိုင်းက ပါဝင်ခဲ့ရသည်။ မည်သို့ပင် ဖြစ်စေ တနေ့တွင် အောင်မြင်သော သရုပ်ဆောင် တစ်ဦး ဖြစ်ရမည်ဟု ခိုင်မာစွာ ယုံကြည်ထားသည်။

ရုန်းကန်နေရသည့် ကာလအတွင်း မိန်းမက ကိုယ်ဝန် လွယ်ထားရသည့်အပြင် ကြွေးပတ်လည် ဝိုင်းနေသဖြင့် မိန်းမဖြစ်သူ၏ လက်ဝတ်ရတနာ များကို ရောင်းချပြီး ပြေလည်အောင် ဖြေရှင်း ခဲ့ရဖူးသည်။ နောက်ပိုင်းတွင် ဆင်းရဲချက်က ဘတ်(စ)ကား မှတ်တိုင်တွင် အိပ်ရသော အခြေအနေ အထိ ရောက်သွားခဲ့ရသည်။

အအေးဒဏ် မခံနိုင်သည့်အဆုံး သူ အလွန်ချစ်သော ခွေးကို ၂၅ ဒေါ်လာဖြင့် သူများ လက်ထဲ ထည့်လိုက်ရသည်။ ထို့နေ့ညက သူ ငိုနေရသဖြင့် အိပ်မပျော်။

တစ်နေ့ လမ်းဘေးတီဗီတွင်ပြသည့် မိုဟာမက်အလီနှင့် ချပ်ဝက်(ဘ) တို့၏ လက်ဝှေ့ပွဲကို ကြည့်ရင်း ဇာတ်လမ်း တစ်ပုဒ်ကို ရေးခဲ့သည်။ စာမူကို နာရီ ၂၀ လုံး မရပ်မနားဘဲ ပြီးစီးအောင် ရေးခဲ့သည်။

သူ့စာမူကို ထုတ်လုပ်သူများအား တစ်ယောက်ပြီး တစ်ယောက် လိုက်လံ ပြသခဲ့ရာ အကြိမ်ပေါင်း မြောက်များစွာ အငြင်းပယ် ခံရပြီးမှ တစ်ယောက်သောသူက ဒေါ်လာ ၁၂၅,၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူခဲ့သည်။

သူက ဇာတ်ကားတွင် သူကိုယ်တိုင် အဓိက ဇာတ်ဆောင် အဖြစ် ပါဝင်ရမှ ရောင်းမည်ဟု ဆိုခဲ့သည်။ ခန္ဓာကိုယ် တောင့်တင်း သော်လည်း မျက်နှာ လေဖြတ်ထားသော ပုံစံဖြင့် စကား ကောင်းကောင်း မပြောနိုင်သည့် သူကို အဓိက နေရာတွင် သရုပ်ဆောင်ဖို့ ဘယ်သူမှ သဘောမတူကြ။ ထိုအခါ သူလည်း စာမူကို မရောင်းဘဲ ပြန်လာခဲ့သည်။

ရက်သတ္တပတ် အနည်းငယ် ကြာသောအခါ သူ၏ စာမူအား ဒေါ်လာ ၂၅၀,၀၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းလာပြန်သည်။ သို့သော် သရုပ်ဆောင်ခွင့်ကိုမူ မပေးချေ။ ထို့ကြောင့် မရောင်းခဲ့။

နောက်တစ်ခါ စာမူခကို ၃၅၀,၀၀၀ အထိပင် တိုးပေးသော်လည်း သူ့ကို သရုပ်ဆောင်ခွင့် မပေးသေး။ ထုံးစံ အတိုင်း မရောင်း။

နောက်ဆုံး စာမူကို လက်မလွှတ်နိုင်တော့သည့်အတွက် စာမူခ ဒေါ်လာ ၃၅၀,၀၀၀ ပေးပြီး သူ့အား အဓိက ဇာတ်ကောင် နေရာတွင် သရုပ်ဆောင်စေရန် သဘောတူ လိုက်သည်။

ရုပ်ရှင်ကားကို ဒေါ်လာ ၁ သန်း ကုန်ကျခံကာ ရိုက်ကူးခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂၂၅ သန်းကျော်မျှ ရရှိခဲ့သည်။ အော်စကာဆု အမြောက်အများ ရရှိခဲ့သည်။

သူမှာ ရမ်ဘို အဖြစ်လူသိများပြီး ကိုယ်တိုင် ဇာတ်ညွှန်းရေး ခဲ့သည့် Rocky ရုပ်ရှင်ကြောင့် ကမ္ဘာကျော်ခဲ့သူ "Sylvester Stallone" (စတားလုံး) ပင် ဖြစ်သည်။

- မှတ်စုကြမ်း မှ ပြုစုရေးသားသည်။ #kyawnge

No comments:

Post a Comment