Friday, January 8, 2016

ထာဝစဉ် ပေးဆပ်နေမယ့်သူ…… ငိုခွင့်ပေးပါ မောင်ရယ

ထာဝစဉ် ပေးဆပ်နေမယ့်သူ……

ငိုခွင့်ပေးပါ မောင်ရယ်
~~~~~~~~~~~~~~
ဒီလိုတွေ ဖြစ်လာခဲ့ဖို့
မမျှော်လင့်ရဲခဲ့ဘူးလေ
သားလေး နှစ်နှစ် ပြည့်ခါနီးမှ
မောင်ရှေ့တန်း စစ်မြေပြင် ထွက်ရပီလေ
စစ်သားက စစ်တိုက်ထွက်ရမှာ မဆန်းပါဘူးလေ
သို့ပေမယ့်…ဒီတစ်ခေါက် သွားရမယ့်
စစ်ခရီးက တိုက်ပွဲတွေ ပြင်းထန်လေရဲ့
မေ့ ရင်တွေ ပူနေရှာပီ မောင်ရယ်
မေ အရမ်းချစ်တဲ့ မောင်လေးလဲ
စစ်မြေပြင် ခရီးမှာ လက်နက်ကြီးထိပြီး
နှုတ်ဆက်တွေ့ဆုံခွင့် မရပဲ
လောကထဲ ထွက်ခွာသွားခဲ့စဉ်က
ရင်ထဲ နင့်နေအောင် ခံစား ငိုကြွေးခဲ့ရတယ်လေ
တိုက်ပွဲတွေ ဖြစ်နေတဲ့ ……စစ်မြေပြင်ကို
ထွက်ရမယ်ဆိုတဲ့ သတင်းက
မေ့ကို နာကျင် ကြေကွဲစေခဲ့ပြီလေ
ဘာမှ မဖြစ်သေးပေမယ့် သားလေးကို ဖက်ပြီး
မေ့ စိတ်တွေ လေးလံနေရပြီ မောင်ရေ
ဘာမှ မသိ နားမလည်သေးတဲ့ သားလေးဖို့
သူ့ အဖေကြီး ကျောပိုးအိပ်လွယ်ကာ
သေနတ်ထမ်းပြီး သွားတာပဲ သူသိမှာပေါ့
ရန်သူ့နယ်မြေမှာ သူပစ် ကိုယ်ပစ်
တိုက်ပွဲ ဆင်နွှဲနေရမှာကို
သူ နားမလည်ရှာသေးသေးဘူးလေ
ရှေ့တန်းထွက်ခွာဖို့ ရက်နီးကပ်လာလေ
မေ့ မျက်နှာ ဟန်မဆောင် နိုင်ခဲ့ရတယ်လေ
ဘာပဲဖြစ်ဖြစ်လေ ကိုယ့်တစ်ယောက်ထဲမှ မဟုတ်တာ ဆိုတဲ့ အတွေးနဲ့
ကြိုးစားပြုံးပြ နေခဲ့ရတယ်
တပ်ရင်း မိသားစုတွေလဲ အားလုံး ခံစားနေရမှာလေ
သူတို့မှာလဲ မိဘ မိသားစု သားသမီးကိုယ်စီနဲ့
တရားသောစစ် အောင်နိုင်ပြီး
ဘေးအန္တာရာယ် ကင်းဝေးဖို့
ဆုခြွေ နေပါရစေ……
တောတောင် နယ်မြေ ရန်သူ့နယ်မှာ
တပ်မတော် စစ်သည်အားလုံး
အသက်အန္တာရယ်ကင်းဝေးဖို့
နေ့စဉ်နှင့်အမျှ ဆုတောင်းမေတ္တာ ပို့နေ
စစ်ကြောင်းကြီး ထွက်ခွာမယ့် အချိန်ပေါ့
သားလေး အရမ်းငိုနေတယ်
သူ့ အဖေ စစ်သားကြီး ကားပေါ်တက်ပြီး
တာ့တာ့ပြနေစဉ် သားလေးကို ချော့ရင်း
ရင်ထဲစို့နင့် နေရရှာတယ်
တရိပ်ရိပ်ပျောက်ကွယ်သွားတဲ့
ကျောခိုင်းထွက်ခွာသွားတဲ့ ကားရဲ့နောက်မှာ
တပ်မိသားစုအားလုံး စိတ်မကောင်းခဲ့ကြပါဘူး
သားလေးခမျာ ကလေးဆိုတော့
ငိုပြီး မောရင်း အိပ်ပျော်သွားခဲ့တယ်
ဒီအမောင်စစ်သား စစ်တိုက်သွားတာ
အမိမြေအတွက် ပြည်သူအတွက်ပဲလေ
ကျဆုံးသွားတဲ့ စစ်သည်တွေနဲ့ ထပ်တူ
ဝမ်းနည်းခံစားခဲ့ရတယ်……ဒီကြားထဲ
အမောင်စစ်သားအတွက် စိတ်မအေးခဲ့ရပါဘူး
တိုက်ပွဲဖြစ်ရာ နယ်မြေကို ရောက်ပြီဆိုတဲ့
ကြေးနန်းဝင် သတင်းကလဲ
တပ်မိသားစုတွေအတွက်
စိတ်မအေးနိုင်ရှာပဲ တပ်ရင်းဓမ္မာရုံမှာ
ပန်း ရေ ချမ်း ဆီမီး ပူဇော်ကာ
နေ့စဉ် မပြတ်ခဲ့ပါဘူးလေ
ဆုတောင်းတိုင်းတော့ မပြည့်ပေမယ့်
ပို့သတဲ့ မေတ္တာနဲ့ အန္တာရာယ်ကင်းစေချင်ကြတယ်လေ
ပထမဆုံး ကြေကွဲဖွယ် သတင်းတစ်ခုကတော့
တကက တစ်ယောက်နဲ့ ဒုဗိုလ်တစ်ယောက်
ကျဆုံးခြင်းပါပဲ……သူတို့အစား
သတင်းကြားကြားချင်းမှာပဲ
သားလေးကို ချီထားရင်း မျက်ရည်ကျခဲ့ရတယ်
တကက မိသားစုရယ် ဒုဗိုလ်လေးရဲ့ မိဘတွေ
သူတို့တွေ ဘယ်လောက် ခံစားနေရပါ့မလဲ
ငိုနေရှာတဲ့ သူတို့နဲ့အတူ
တပ်မိသားစုအားလုံးလည်း ကြေကွဲနေရရှာပြီ
နောက်ဆုံးခရီးကို တိုက်ပွဲမှာ
အဆုံးသတ်လိုက်ရတဲ့ စစ်သည်တွေအတွက်
အားလုံးကြေကွဲ ခံစားခဲ့ရတယ်
နောက်ဘာမှ ထပ်မကြားချင်တော့ပါဘူး
သို့ပေမယ့်……အခြား တပ်ရင်းမှ
ကျဆုံးစစ်သည် သတင်းတွေ ကြားနေရမြဲပဲ
အရာရှိ ရဲဘော် အားလုံး ကျဆုံးနေကြတာ
သူသေ ကိုယ်သေ တိုက်ပွဲမှာ
အသက်တွေပေးသွားရှာကြပီ
အဲ့ဒီနေ့က……သားလေး နေမကောင်းဘူး
မေ့ စိတ်တွေလဲ လေးနေလို့
ဘုရားဆွမ်းတော် သောက်တော်ရေ ကပ်ပြီး
သားလေးနဲ့အတူ အိပ်ယာထဲ လဲနေခဲ့တယ်
တပ်က RPလာပြောတယ် အရာရှိကတော်
ရဲမေအားလုံး ဓမ္မာရုံမှာ စုဖို့……ဒါနဲ့
အဝတ်စားလဲ မလဲနိုင် ဆံပင်လေးစီးပြီး
သားလေးနဲ့ ထွက်လာခဲ့တယ်
ဓမ္မာရုံရောက်တော့ ရေးဗိုလ်ကြီးလဲ ရောက်နေတယ်
ခဏနေတော့ ရင်မှူးကတော် ဗိုလ်မှူးကတော်
အကုန်စုံနေကြပြီ ထိုစဉ်
မေ့ သားလေးကို တစ်ယောက်ယောက် ချီသွားခဲ့တယ်
ရဲမေ အားလုံး သိပြီး ခဲ့ကြ့ပီထင်ရဲ့
ကျွန်မနားမှာ စကားတွေပြောပြီး
ကြေးနန်းဝင်လာတဲ့ သတင်းကို
ရေးဗိုလ်ကြီး စာရွက်လေး ထုတ်ပေးတယ်
……………………………
ဘာမှ မပြောနိုင်လောက်အောင် ဆွံ့အခဲ့ပြီး
လူအုပ်ကြီး တစ်ခုလုံးကြားထဲ နှစ်သိမ့်စကားသံတွေနဲ့ ပြည့်နေခဲ့ရတယ်
အဲ့လောက်မြန်မြန် ဖြစ်သွားခဲ့မယ်လို့
မထင်ထားခဲ့ပေမယ့်
ရောက်လာခဲ့လေပြီ
သားလေးအတွက် အဖေလို့ ခေါ်စရာ မဲ့မှာလား
သူ ကျောင်းနေအရွယ်ကို ရောက်ရင်
သူ့တစ်သက်စာလုံး နွေးထွေးမှု မမဲ့စေချင်
သားလေးအတွက် မျက်ရည်တစစကျဆင်းပြီး
ရင်ထဲ စို့နေခဲ့တယ်……
သူတိုက်ပွဲမှာ ဒဏ်ရာ အပြင်းအထန်ထိထားပြီး
ဆေးရုံပို့မယ့် စစ်သည်တွေနဲ့ ပါလာမယ်တဲ့
ညမှောင်ရီပျိုးစ အချိန်ရောက်တော့
မြို့ကို ရောက်ခါနီး လမ်းမှာတင်
ဆုံးသွားပီ ဆိုတဲ့ သတင်းက
ကျွန်မ အသက်ရှူရပ်တန့်သွားအောင်ပါပဲ
သားလေးကလဲ ငိုလိုက်တာ
နောက်ဆုံးခွဲခွာခြင်းက အသက်မဲ့လိုက်တာ
တွေ့ဆုံခွင့်ရပေမယ့် မောင့်ခန္ဓာကိုယ်ပေါ်က
ဒဏ်ရာတွေရယ် မောင့် ဘယ်ဘက်
အိပ်ကပ်လေးထဲက သားလေးရယ်
မောင်ရယ် မေ့ ဓာတ်ပုံလေးရယ်ကို
ကြည့်ပြီး မေ့မျက်ရည်တွေ ထိန်းမရအောင်
ဟန်မဆောင်နိုင်အောင် ကျခဲ့တာမို့
ငိုခွင့်ပေးပါတော့ မောင်ရယ် ………

(အရေးသားမကောင်းရင် နားလည်ပေးကြပါ
ပတ်ဝန်းကျင်မှာ မြင်တာလေးတွေ ပြန်ရေးသားထားတာပါရှင့်)့

No comments:

Post a Comment