Friday, January 29, 2016

စိတ်ကူးနဲ့ရူးတဲ့ အိမ်မက်

စိတ်ကူးနဲ့ရူးတဲ့ အိမ်မက်
~~~~~~~~~~~

"ခွပ်......"

လက်ဆပြင်းပြင်းထိုးလိုက်သော အရှိန်ကြောင့် ကော်ဇာစိမ်းစိမ်းပေါ်က ဂျိုကာသီးလေး အရှိန်ပြင်းပြင်း
ဘောင်ပြေးရိုက်ကာ ကျင်းထဲ ကျသွားလေသည်။ထို့နောက် ဘောင်ပေါ်တွင်တင်ထားသော Jack
Dineal(On the rock) နှစ်ပက်ခွက်ကို တကျိုက်တည်း ကောက်မော့လိုက်ပြီး အောင်ပွဲခံအသံဖြင့်

"အစ်ကိုကြီး အလှည့်"

သူသတိပေးလိုက်မှ အရာရှိရိပ်သာ ဘားကောင်တာ၏တိုးညှင်းစွာ ဖွင့်ထားသော Eagleသီချင်းနောက်
မျောပါနေသော ကျွန်တော် သတိပြန်ဝင်လာသည်။

"အေးး ညီလေး"

ကျူတံကို အသာဆရင်း ခုံပတ်ကြည့်လိုက်တော့ ညီတော်မောင်ထိုးထားတာ ထိုးစရာဘောလုံးက အတော်
ရှားပါးနေချေပြီ။ဒါပေမဲ့ မထိုး၍လည်း မဖြစ်။မဖြစ်ဖြစ်အောင်ထိုးဖို့ မီးညှိခါစ မာဘိုရိုဆေးလိပ်ကို ထိုးချေလိုက်
သည်။ဘားကောင်တာနောက်က သီချင်းသံတိုးတိုးရယ် စားပွဲထိုးရဲဘော်လေးရဲ့ EMINEM သီချင်းလေး
ညဉ်းသံကလွဲလို့ အရာရှိရိပ်သာမှာ တိတ်ဆိတ်ငြိမ်သက်လျက်~~~~~~~

"တူ...တူ...တူ...တူ......!!!!"

အရာရှိရိပ်သာ wireless alarm စနစ်၏ အရေးပေါ် အချက်ပေးသံက တိတ်ဆိတ်အေးချမ်းမှုကို ဖြိုခွဲ
လိုက်လေသည်။အရာရှိများ ကိုယ်စီ အခန်းထဲမှ ပြေးထွက်လာကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
ကာ "Shit!!" "Damage!!" အစရှိသည်တို့ ရေရွတ်ကာ အခန်းထဲ ပြန်ဝင်ပြေးကုန်လေသည်။

Informal Day မို့ အခန်းထဲမှာက ပွစာကျဲနေသည်။ရိပ်သာ laundry ကလည်း အဝတ်အစားတွေ လာမယူ
သေး။မတတ်နိုင် မနေ့ကမှ lockheed martin ကုမ္ပဏီမှ လာပို့ထားသော ကန္တာရပျောက်ကြားအသစ်ကို
အလျင်အမြန် ကောက်လျှိုလိုက်ရသည်။အရေးထဲ ကျည်ကာက ကုတင်အောက်ရောက်နေသေးသည်။ဒူးကာ၊
တံတောင်ကာများစွပ်၊helmet ဆောင်း၊ပစ္စတိုကို ပေါင်မှာချိတ်၊M.33 Semiauto ရိုင်ဖယ်ကို ကျည်ရှင်း၊
ကျည်အိမ်တပ်၊Night vision တပ်၊အလုပ်တွေက ဇယ်စပ်သလို... ပြည့်စုံပြီဆိုတော့ ပြေးထွက်လာခဲ့သည်။
ခြံစည်းရိုးနားရောက်တော့မှ Helmet ပေါ်က Digital ကင်မရာနှင့် Okley မျက်မှန်ကျန်ခဲ့၍ ပြန်ပြေးယူရ
သေးသည်။ခုံပေါ်က ချစ်သူပုံလေးပါ အိတ်ကပ်ထဲဆွဲထည့်ပြီး တန်းစီကွင်းသို့ ထွက်လာခဲ့တော့သည်။

တန်းစီကွင်းရောက်တော့ တပ်ရင်းမှုးပင် မပါ။အိုင်အိုက အဆင်သင့်စောင့်နေလေသည်။စစ်သည်များကလည်း
အသင့်။Hummer Carrier များကလည်း line up နှင့် အဆင်သင့် စက်နှိုးထားလေသည်။

"အစ်ကိုကြီးတို့ ခဏပါခင်ဗျ။အဘညွှန်ကြားချက်လေး ရှင်းပြချင်လို့ပါ။အဘက ဂြိုလ်တုမြေပုံကြည့်ပြီး ဗျူဟာနဲ့
ချိတ်နေလို့ပါခင်ဗျ"အိုင်အိုက ရှည်လျားစွာ ရှင်းပြပြီး လူစုလိုက်လေသည်။

အိုင်အိုနား ခွဲမှုး/စုမှုးတွေဆုံတော့ Digital မြေပုံပါသော box ကို power on ပြီး ဖြစ်စဉ်ကို မြေပုံနှင့်တကွ
ရှင်းပြလေသည်။စစ်ဆင်ရေးလုပ်ရမည့် အစီအစဉ်၊မိမိတပ်နေရာ၊ရန်သူ့ အခြေအနေ အားလုံးကို Touch Screen
ဖြင့် အကြမ်းဖျဉ်း ရှင်းပြသည်။ထုံးစံအတိုင်း ကျွန်တော့်တပ်ခွဲက ချီတက်ရန် ညွှန်ကြားချက်က ပါပီးသား။

"ခွဲ(၁) က စစ်ကူလိုက်ရမယ်။Ground ကို နာရီဝက်အတွင်း အရောက်သွားပါ။အသေးစိတ်ကို စက်ထဲမှာ
ညွှန်ကြားမယ်.... အားလုံးရှင်းလား" အဘအသံ စက်ထဲက ပေါ်လာသည်။

"ရထား ၉၆ ပါ အဘခင်ဗျာ"

စက်မှညွှန်ကြားချက်ဆုံးသည်နှင့် တပ်ခွဲကို လိုအပ်တာမှာပြီး Carrier များပေါ် တက်စေသည်။မိမိလည်း မိမိ
စီးရမည့် ဟန်းဗီးကားပေါ်တက်လိုက်ပြီး ကား GPS တွင်ပေါ်နေသည့် အခင်းဖြစ်ပွားရာ ၆ လုံးသို့ ဦးဆောင်
ထွက်ခဲ့လေတော့သည်။

"ဇော်ပိုင်...ရှိလား...ဇော်ပိုင်..."စက်ခေါ်ပြီး တပ်ရင်းမှုး တက်လာသည်။ပြီးနောက် အသေးစိတ်ညွှန်ကြားချက်ကို
ညွှန်ကြားလေတော့သည်။

"အားလုံး ရထားပါ အဘ ချာလီ5 ပါ"

ဖြစ်စဉ်ကား လူနာကောက်ရန်လာသော မိမိတို့ လေကြောင်းချီတပ်မမှ MI.17 ရဟတ်ယာဉ်ကြီးအား ရန်သူမှ
အာပီဂျီနှင့် အနီးကပ် ပစ်ချခဲ့ရာ ရဟတ်ယာဉ်ကြီးမှာ ပျံအတက်တွင် ပန်ကာကို ထိပြီး ပျက်ကျကာ သတ်ကွင်း
အတွင်း ပိတ်မိနေသော မိမိဒဏ်ရာရစစ်သည်များနှင့် ရဟတ်ယာဉ် crew ကို ကယ်ထုတ်ရန် ဖြစ်လေသည်။

ဗျူဟာစက်မှလည်း ထိတွေ့မှုဖြစ်ပွားသည့်နေရာနှင့် ကိုက်အကွာအဝေး၊ခန့်မှန်းရန်သူ့အင်အား၊တည်နေရာ၊
ပစ်အား၊ပစ်ခတ်နေသည့် လက်နက်အမျိုးအစားများကို ဂြိုလ်တုဖြင့်ကြည့်ကာ ညွှန်ကြားချက်များ တောက်လျှောက်
ပေးနေလေပြီ။

"ဟူးး"

ကျွန်တော်စိတ်လျှော့ချလိုက်သည်။လုပ်နေကြအတိုင်း သရဏဂုံ သုံးပါးကို အာရုံပြုပြီးကားဒက်ဘုရှ်ပေါ်ရှိ Army Issue
တံဆိပ်ပါ ပီကေတစ်တောင့်ကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ထိတွေ့မှုဖြစ်သည့်နေရာနှင့် နီးကပ်လာသည်နှင့်အမျှ လက်နက်ကြီး/လက်နက်ငယ် အသံများ ဆူညံစွာ ကြားလာရပေပြီ။
ရှေ့နောက် တန်းစီလာသော မိမိတို့ ယာဉ်တန်းကို ၂စီးစီ ရှေ့နောက်နှစ်တန်း ရင်ဘောင်တန်း ဖြန့်ခိုင်းလိုက်သည်။သတ်ကွင်း
အတွင်းသို့ မိမိတို့ ယာဉ်တန်းဝင်လာသည်နှင့် ရန်သူတို့၏ ကျည်မျိုးစုံမှာ မိမိတို့ ဘေးဘယ်ညာသို့ မိုးသီးမိုးပေါက်များသဖွယ်
ကျရောက်လာလေတော့သည်။ဟန်းဗီးနှင့် carrier ပေါ်မှ စက်လတ်များ၏ တန်ပြန်ပစ်ခတ်မှုကလည်း ကြောက်ခမန်းလိလိ။
ဒီကောင်တွေ ကျည်ခွံပြန်အပ်စရာ မလိုတော့ အောပီးဝုန်းနေလေတော့သည်။

သတ်ကွင်းအလယ်တွင်မတော့ MI.17 ရဟတ်ယာဉ်မှာ တစောင်းအနေအထား လဲကျနေပြီး ရဟတ်ယာဉ်ဘေးတွင် ဒဏ်ရာရ
လူနာများနှင့်လေယာဉ်အဖွဲ့သားများက အကာအကွယ်ယူပြီး တတ်နိုင်သလောက် ပြန်လည် ပစ်ခတ်နေသည်။ညနေစောင်းလာပြီ
ဖြစ်သဖြင့် မြင်ကွင်းတွေက သိပ်မသဲကွဲတော့။Pilot ကို စစ်မြေပြင် အချက်ပြစနစ်ဖြင့် စက်ဖွင့်ခိုင်းပြီး အဆက်အသွယ်ယူကာ
အခြေအနေမေးလိုက်တော့ သူ့ အဖြစ်ကလည်း သနားစရာ။ခဏနားခိုက်သူ့ အတူနေချစ်သူနဲ့ ဟိုနိုလူလူကျွန်းမှာ အပန်းဖြေ
ခရီးထွက်နေတုန်း စစ်ဆင်ရေးအရေးကြီးလူနာကောက်ရန် C.130 လေယာဉ်နဲ့ တစ်ယောက်တည်းသွားခေါ်လာခဲ့ပြီး အခြေစိုက်
စခန်းမှ တောက်လျှောက်တက်လာကြောင်း ပြောပြလေသည်။နာမည်က လီယိုနာဒို ဟုသာသဲ့သဲ့ကြားရလေသည်။အသံကသိပ်မသဲ
ကွဲတော့။

တပ်ခွဲတစ်ခွဲလုံး ကားပေါ်မှဆင်းရန်စက်မှညွှန်ကြားလိုက်ပြီး ဖြန့်ခွဲနေရာယူစေသည်။မိမိတပ်ခွဲရောက်လာသည်နှင့်သတ်ကွင်းအတွင်း
ပိတ်မိနေသော စစ်သည်များလည်း အားတက်ကာ တရစပ် ပြန်လည်ပစ်ခတ် လေတော့သည်။

စစ်ကူရောက်လာသည်ကို သိသွားသောရန်သူတို့သည် လက်နက်ကြီးများကို အသုံးများလာသည်။တဝုန်းဝုန်း ပေါက်ကွဲနေသော
ကျည်များကြားမှ ပိတ်မိနေသော အဖွဲ့များကို သွားရောက်ပူးပေါင်းနိုင်ခဲ့လေသည်။ဒဏ်ရာရလူနာများကိုလည်း ကာပစ်ပေးကာ
အနီးရှိ Mobile စစ်ဆေးရုံသို့ အမြန်ပို့ဆောင် ပေးလိုက်သည်။မိမိဦးစီး တပ်စု(၂)စုဖြင့် ပစ်အားကိုအသုံးချကာ ရှေ့တိုးခဲ့ပြီး
Helmet များပေါ်ရှိ Night Vision များကို ဖွင့်လိုက်သောအခါ ရန်သူတို့အား အစိမ်းရောင်လူများအဖြစ် ထင်ရှားစွာ
တွေ့ရလေတော့သည်။ပေါ့ပါးပြီး ထိရောက်မှုကောင်းလှသော ကျွန်တော်တို့ လက်နက်ငယ်များကြောင့်လည်း ရန်သူတို့မှာ
တစ်ယောက်ပြီးတစ်ယောက် အတုံးအရုံးနှင့်...သို့သော်..ရန်သူ၏ စက်လတ်နေရာနှင့် စိန်ပြောင်းနေရာများကိုမူ ရှာမတွေ့
သေးပေ။

ထိုအချိန်.......

"ဒုံးး...ဒုံး...ဒုံး....ဒုံး.... ဖောက်...ဖောက်... ပလောက်..ပလောက်...."

စက်လတ်အတွဲလိုက်ကုတ်သံနှင့်အတူ ကျည်ဆံများက ဖြတ်သတ်မှန်ပြီး ဘေးနားမှာ ဖွာလန်ကြဲကုန်တော့သည်။ကိုယ်
လိုချင်သည့် အနေအထားပင်...အိတ်ထဲမှ Laser Range Finder ကိုထုတ်ပြီး ကျည်လာရာလမ်းကြောင်းကို
လှမ်းတိုင်းလိုက်တော့...တွေ့ပါပြီ...တည်နေရာ၊မြေပုံညွှန်းနှင့်တကွ။ဘေးက အသင့်ပါလာသော Sniper သမားကို
အသာလက်ကုတ်ပြီး လိုအပ်သောအချက်အလက်ပေးလိုက်သည်နှင့် OM.E Nameesis 7.62 စနိုက်ပါပြောင်းဝမှ
ကျည်ထွက်သွားလေသည်။စက်လတ်သံလည်း အပျောက်။စနိုက်ပါသမားက lucky strike ကို ပါးစပ်တွင်ခဲရင်း
ဂုဏ်ယူစွာဖြင့် မဲ့ပြုံးပြုံး ပြလေသည်။

ကျန်သေးတာက စိန်ပြောင်း အဖွဲ့၊တည်နေရာ ရှာမရသေး။ဗျူဟာကို စက်နဲ့လှမ်းပြောလိုက်တော့ ဂြိုလ်တုမှရှာ၍ အချက်
အလက်များကို ၇ စက္ကန့်အတွင်းပြန်ပို့ပေးလေသည်။နေရာ အတိအကျသိသည်နှင့် Mobile ဟောင်ဝစ်ဇာ အဖွဲ့ကို
အချက်အလက်ပေးလိုက်တာ ၁၀ စက္ကန့်ပင် မကြာလိုက်။စိန်ပြောင်းနေရာတဝိုက် ငရဲပွက်သလို မီးလုံးကြီးများ ကျရောက်
ပေါက်ကွဲပြီး အစပျောက် သွားလေတော့သည်။

ပွဲကပြီးပြီ....

မိမိဘက်က တချို့ဒဏ်ရာရသူများရှိသဖြင့် ဗျူဟာသို့ ရဟတ်ယာဉ်လှမ်းခေါ်ရာ ၁၀ မိနစ်အတွင်း အရောက်ပို့ပေးမည်
ဖြစ်ကြောင်း အကြောင်းပြန်သဖြင့် မိမိတပ်ခွဲအား လိုက်လံအားပေး၍ ရန်သူ့ အလောင်း လက်နက်များကို ကောက်ကာ
ရဟတ်ယာဉ် စောင့်ဆိုင်းနေလိုက်ပါသည်။

"ဒုတ်...ဒုတ်...ဒုတ်...ဒုတ်.,"
၁၀ မိနစ်ပင် မကြာလိုက်။ရဟတ်ယာဉ်များ ခေါင်းပေါ်ရောက်လာချေပြီ။လူနာတွေတင်၊ရန်သူ့ထံမှ လက်နက်များတင်ပြီး
ရှေ့ရဟတ်ယာဉ် စတင်ထွက်ခွာသွားပြီဖြစ်သည်။မိမိလည်း နောက်ဆုံးရဟတ်ယာဉ်ပေါ်တက်ပြီး စိတ်လျော့လိုက်ကာ
အိတ်ထဲမှ အရက်ဗူးပြားလေးထုတ်ပြီး တစ်ငုံသောက်ကာ မိမိတိုက်ပွဲဖြစ်ခဲ့သော နေရာကို အပေါ်စီးမှ ဇိမ်ခံကြည့်လိုက်ရာ
ခြုံထဲက လက်ပြနေသော မိမိရဲဘော်တစ်ယောက်ကို တွေ့လိုက်သဖြင့် စိုးရိမ်စိတ်က ငယ်ထိပ်ပြန်ရောက်သွားတော့
လေသည်။

"ပြန်ဆင်း...ပြန်ဆင်း....ငါ့စစ်သည် တစ်ယောက်ကျန်ခဲ့တယ်..ပြန်ဆင်း"

အော်လည်းအော် ဆင်းဖို့လည်းပြင်...ရဟတ်ယာဉ်ကတော့ တဖြည်းဖြည်း ဆင်းပေးနေသည်။စိတ်က မရှည်တော့။
၁၀ ပေခန့် အလိုတွင် ရဟတ်ယာဉ်ပေါ်မှ ခုန်ချလိုက်လေတော့သည်။… … … … … … … … … … … … … … …
… … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … …
… … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … …
… … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … …
… … … … … … … … … … … … … ……
……………………………………………………

"ဖုံးး".……… "အွတ်"
မီးညှောင့်ရိုးနှင့် နောက်ကျော အောင့်တက်သွားသည်။ကျသည့် အရှိန်ကြောင့် မျက်နှာမှာလည်း သဲတွေနှင့်....
ပက်လက် အနေအထားလေး...မျက်နှာပေါ်က သဲတွေဖယ်ပြီး ကြည့်လိုက်တော့ မိုးယိုထား၍ ပေါက်နေသော
မျက်နှာကျက် ညိုညစ်ညစ်၊60W မီးသီးလေးက ပြူးကြောင်ကြောင်၊နည်းနည်း လှည့်ကြည့်လိုက်တော့ အစိမ်းရောင်
ပျောက်ပြီး အမဲရောင်သန်းနေသော ခြင်ထောင်၊မြေခင်းစအခင်းနှင့် စစ်စောင်လေး အုပ်ထားသော သစ်သား
ကုတင် ယိုင်နဲ့နဲ့ တစ်လုံး.......

"ဖီ...ငါအိမ်မက်မက်ပြီး ကုတင်ပေါ်က ပြုတ်ကျတာဟ"

ဒေါသထွက်ထွက်နှင် ကြုံးထတော့ ခါးက မျက်နေသေးသည်။"အားး ကျွတ် ကျွတ်"

ရေသောက်မလို့ ၆၀ ဝပ်မီးသီးလေးထဖွင့်တော့ ခုတင်ခြေရင်းမှာ စစ်ဆင်ရေးထွက်ဖို့ တိုလီမုတ်စ စုပြုံထဲ့ထားတဲ့
ကြိမ်ခြင်းတောင်းတစ်လုံးနှင့် နိုင်လွန်သား တောဆောင်းတစ်လုံး၊ချုပ်ရာဗလပွနှင့် အီကွေ့မန့်တစ်စုံ၊အခန်းထောင့်
မှာတော့ ကင်းဘတ်လည်တို ထိပ်ပေါက်လေးက ကျွန်တော့်ကို ပြောင်ပြနေသလို.......

"အာာာာာာာာာာာာာာာာာား………………………………………………………………………… ခွမ်းးးး"

စိတ်တိုပြီး လက်ထဲက ဆေးလိပ်ပြာခွက်နဲ့ ပြတင်းပေါက်မှန် မိတ်ဆက်သွားသည်။ဖက်ကြမ်းအတိုများက ပြန့်ကျဲလျက်...

"ဒေါက်...ဒေါက်...ဘာဖြစ်တာလဲ ....ဘာဖြစ်တာလဲခင်ဗျ"
တံခါးခေါက်သံနှင့် အတူ ပူပန်စွာ မေးနေသံပါ ထွက်လာသည်။တံခါးဖွင့်ပေးလိုက်တော့ RSM ကြီး

"ဘာရှိလည်း ဆရာကြီး စောစီးဗျာ"

"ဟို...ဟွာလေ....တပ်ရင်းအနေနဲ့ ထမင်းနဲ့ဟင်းတွေ သက်သာတဲ့နှုန်းနဲ့ရောင်းဖို့ လေ..ညွှန်ကြားချက် ရှိတယ်လေ"

"အေးပါ ကျွန်တော်သိပါတယ်....အဲ့ဒါဘာဖြစ်လို့လဲ"

"အဲ့ဒါ ရောင်းဖို့ ဟင်းချက်စရာ မိုးပြဲဒယ် မရှိလို့ ဘုန်းကြီးကျောင်း လိုက်ငှားပေးပါအုံး"

"ဗျာ……………။

ဖိုးဥာဏ်

No comments:

Post a Comment