Thursday, January 14, 2016

မိုးနှင့်လေ ရေ ရှုပ်ထွေး

မိုးနှင့်လေ ရေ ရှုပ်ထွေး ရွေးမျှမဖြုံ(ပထမပိုင်း)
.......
မိုးက ဝေါခနဲ ရွာချလာသည်။ တော်ပါသေး၏။ သဲသဲမဲမဲမဟုတ်၊ စိုရုံတင်ကလေးသာ ရွာသောမိုး။ လေကတော့ပါသည်။ ဒါလည်း ပြင်းထန်ရက်စက်သောလေပြင်းမဟုတ်ပါချေ။

မိုးတွေရွာတိုင်း စိတ်ပျက်ညည်းညူခဲ့ကြသော ကျွန်တော်တို့မှာ သည်တစ်ခါရွာသောမိုးကိုဖြင့် ပြိုင်တူကောင်းချီးသြဘာပေးမိကြသည်။ ရှေ့တန်းပြန်စစ်သည်တို့ သံပြိုင်သီဆိုခဲ့ကြသော “ မြန်မာအာဇာ နည် ” စစ်ချီသီချင်းလည်း ပြောင်းသွားသည်။ တိုင်ပင်မထားဘဲ ဆိုဖြစ်သွားသည့် သီချင်းက “ တူယှဉ်ကာ တိုက်စို့ ” ။
“ မိုးတွေကလည်း x x x မစဲဘဲ x x x ရွာသွန်းတယ် x x x မြစ်ချောင်းအင်းအိုင် ရေ တွေပြည့်လို့ x x x ငါတို့တိုက်ရတယ် x x x ဘယ်မှာလည်း အိပ်ရတယ် x x x ရှိလိမ့်မယ် x x အမြဲတမ်းချီတက်လို့သာ x x x တိုက်ခိုက်နေရတယ် x x x ”

ရွာနေသောမိုး ဆိုနေသောသီချင်းက တကယ့်ကို လိုက်ဖက်ညီပါပေသည်။ ရှေ့တန်းပြန်ယာဉ်တန်း တစ်လျှောက်မှာလည်း စစ်ချီသီချင်းသံက လွင့်ပျံ့နေသည်။ နိုင်ငံတော်အလံ၊ တိုင်းအလံ၊ တပ်ရင်းအလံ၊ တပ်ခွဲအလံများက လေမှာ တဖျပ်ဖျပ် တလွင့်လွင့်။ စစ်သည်များ၏လည်တိုင်မှ ရောင်စုံလည်စည်းများက လေမှာတလွင့်လွင့်၊ တမြူးမြူး ။

ဟော - မိုးတွေ ပိုသည်းလာပြီ။ လေကပါ ခပ်ကြမ်းကြမ်းလေး တိုက်ခတ်လာသည်။ သို့သော် မမှုချေပြီ။ ဤထက်မက အငြိုးကြီးသောမိုး၊ ပြင်းထန်ရက်စက်တတ်သော မုန်တိုင်းတို့ကိုပင် ကျွန်တော်တို့ ရင်ဆိုင်အန်တု ဘယ်မမှုခဲ့ပြီပဲ။ တကယ်လည်းရေလျှံနေသော မြစ်ချောင်းတွေကိုဖြတ်ကာ ချီတက်စစ်ဆင် ခဲ့ရသည်လေ။

x x x x

စစ်သားနှင့်မိုးက ခွဲမရဘူးတဲ့။ ဘယ်ရဲဘော်ကြီးကများ ပြောခဲ့သည်မသိ။ သူတို့ပြောခဲ့တာကိုပင် လက်ခံရမလိုဖြစ်နေသည်။ ကြည့်ပါဦး။ စစ်ဆင်ရေးစ၀င်သည့်နေ့ကစပြီး မိုးနှင့်မလွတ်။ ရွာလိုက်သည့်မိုးက မြို့ရိုးကျိုးမတတ်ပင်။ မုန်တိုင်းက ရှေ့ပြေးရက်စက်ခဲ့၏။ ယခင်တစ်ပတ် စစ်ဆင်ရေးပြန်နားပြီး နှစ်ညမြောက်မှာ မုန်တိုင်းတိုက်ခဲ့၏။ မုန်တိုင်းလွန် နောက်တစ်နေ့မှာ သတင်းဆိုးတစ်ခုလည်း ကြားရသည်။

မောင်တောမြို့ပေါ်က စာသင်ကျောင်းနှင့် အခြားတစ်နေရာမှာ ရိုဟင်ဂျာ( အာရ်အက်စ်အို ) သောင်းကျန်းသူများက ဗုံးသုံးလုံးခွဲသတဲ့။ ပြီးတော့ မောင်တောတောင်ခြမ်းနှင့် မြောက်ခြမ်းဘက်မှာ သောင်းကျန်းသူတွေ ၀င်ရောက်လှုပ်ရှားလာသည်တဲ့။

နောက်တစ်နေ့ (၁၉၉၄ ခုနှစ်၊ မေလ ) မှာ ကျွန်တော်တို့ တပ်ရင်းတစ်ရင်းလုံး ရွှေကျားမင်းစစ်ဆင် ရေးတွင် အခြားတပ်ရင်းများနှင့်အတူ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရသည်။ တပ်ရင်းမှာ သုံးရက်ပင် မနေ လိုက်ကြရပါ။ သြော် - စစ်သားတွေဆိုတော့ ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံဝန်၌၊ တာဝန်ကျေ ကြရမည် မဟုတ်ပါလား။

ထိုနေ့ကလည်း မိုးတွေ သဲသဲမဲမဲရွာနေသည်။ မုန်တိုင်းက အားပျော့သွားပေမယ့် တိုက်ခတ်နေဆဲ။ မိုးထဲလေထဲမှာ ကျွန်တော်တို့ လှုပ်ရှားစစ်ဆင်ခဲ့ရသည်။ ရန်သူကို ပိတ်ဆို့ရှင်းလင်းရင်း မုန်တိုင်းကြောင့် နစ်မြုပ်ခဲ့သော ငါးဖမ်းသင်္ဘောများမှ သင်္ဘောသားများကို ကယ်ဆယ်ခဲ့ရ၏။ အလောင်းများအား ဆယ်ယူ ကာ သဂြိုဟ်ပေးခဲ့ကြသည်။ ထိုတာဝန်များပြီးတော့ ချေမှုန်းရေးတာဝန်။

ချေမှုန်းရေးတာဝန်မို့ ရန်သူ့သတင်းကို ခြေရာခံရင်း လှုပ်ရှားစစ်ဆင်ကြရသည်။ မိုးထဲလေထဲမှာ တောင်ကျချောင်းရေများ လျှံနေသော ချောင်းတွေဖြတ်ကူး။ ဒီရေတိုးနေသောမြစ်လိုလို၊ ချောင်းလိုလိုတွေ ကို ဖြတ်ကူးခဲ့၏။ မိုးနှင့်လေ၊ ရေရှုပ်ထွေးကြားမှ အောင်ပွဲတွေလည်း ရခဲ့ကြပါသည်။

စစ်ဆင်ရေးကာလတစ်ခုလုံး မိုးနှင့်ကို မလွတ်ခဲ့ပေ။ မနေ့က နောက်တန်းပြန်ဝင်ရန် မြင်းလွတ်ရွာ တွင် ပြန်စုကြချိန်အထိ မိုးကနှုတ်ဆက်လိုက်သေးသည်။ မိုးမှ မဟုတ်ပါ။ မုန်တိုင်းကလည်း ပွေ့ဖက်ကျီစယ် လိုက်သေးသည်။ အခုလည်း မိုးက ဘူးသီးတောင် တပ်ရင်းရောက်သည်အထိ ပို့ဆောင် နှုတ်ဆက်နေသည်ထင်ပါရဲ့။

“ ဟေ့ကောင် မိုးညို၊ ဟိုရောက်ရင် မင်းရဲ့အာမီရမ်နဲ့ ငါ့ခေါက်ဆွဲကြော်လဲမယ်နော်၊ ဘယ်သူမှ လိုက်မပေးနဲ့ ကြားလား ” အေးပါ ချိုကြီးရာ၊ ငါဘယ်သူ့မှ မပေးပါဘူး။ ”

ချိုကြီးစကားကြောင့် ကျွန်တော့်အတွေးစများ ပျောက်ကုန်၏။ သူ့မှာလည်း အာမီရမ်နှင့် ခေါက်ဆွဲ ကြော်လဲရေးက တစ်ဒုက္ခ။ သတိရတိုင်း ထပ်ထပ်သတိပေးနေရသည်မှာ အမော။ အာမီရမ်နှင့် ခေါက်ဆွဲ ကြော် အရေးတော်ပုံက တပ်ခွဲများပြန်စုသည့် စုရပ်မှာ စခဲ့သည်။ မိုးတဖွဲဖွဲအောက်မှာ တပ်ရင်းမှူးဒုတိယ ဗိုလ်မှူးကြီး မျိုးအောင်က ရှေ့တန်းပြန်ခရီးစဉ်နှင့် ပတ်သက်ပြီး ညွှန်ကြားခဲ့သည်။

“ ရဲဘော်တွေအားလုံးပင်ပန်ခဲ့ကြတာသိတယ်၊ ငါတို့တပ်ရင်းဟာ အရင်တစ်ပတ် စစ်ဆင်ရေးပြန်နားခါစပဲရှိသေးတယ်၊ ဒီရွှေကျားမင်းစစ်ဆင်ရေးကို ပြန်ဝင်ခဲ့ကြတယ်၊ တကယ်တော့ ငါတို့ စစ်သားတွေအတွက် ဒါဟာမဆန်းဘူး။ နိုင်ငံနဲ့လူမျိုးအတွက် အရေးကြုံလာတိုင်း အပင်ပန်းခံ၊ အဆင်းရဲခံ၊ အနစ်နာခံပြီး လုပ်ကိုင်ပေးခဲ့တာဟာ ငါတို့တပ်မတော်ရဲ့ ကောင်းမြတ်တဲ့ အစဉ်အလာပဲ။

ဒီစစ်ဆင်ရေးမှာ မင်းတို့ရဲ့ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တာတွေကို လူကြီးတွေ အသိအမှတ်ပြုတယ်၊ ပြည်သူတွေကလည်း ငါတို့ရဲ့ အောင်မြင်မှုတွေကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြတယ်၊ အရမ်းလည်းကျေးဇူး တင်နေကြတယ်၊ ကဲ - အဲဒီတော့ ငါတို့စစ်ဆင်ရေးပြန်ဝင်ကြမယ်၊ ဒီမှာ မင်းတို့ပင်ပန်းခဲ့တာတွေ လန်းသွား အောင် ထူးခြားတဲ့ ကြိုဆိုရေးပွဲလေး စီစဉ်ထားတယ်။

အဲဒါက မင်းတို့ကို အာမီရမ်တစ်ပုလင်းနဲ့ ခေါက်ဆွဲကြော်တစ်ထုပ်စီ ရောက်ရောက်ချင်းဝေပေးမယ်၊ ဒါက ပဏာမကြိုဆိုရေးပွဲနော်၊ နောက်ထပ် အစီအစဉ်တွေရှိသေးတယ်၊ ဘယ်လိုလဲ ကြိုက်ရဲ့လား ”

“ ကြိုက်ပါတယ် ”

ဖြေသံတွေက ဘ၀ဂ်လှိုင်၏။ ချိုကြီးတို့၊ ပွကြီးစိုးသိန်းတို့ အသံက အကျယ်ဆုံး။ တန်းစီနေချိန်ဖြစ် လို့။ မဟုတ်က ဟေးခနဲ ထအော်မိကြမှာသေချာသည်။ ထိုမှစ၍ အာမီရမ်နှင့် ခေါက်ဆွဲကြော် အပြန်အလှန်လဲလှယ်သည့် ဇာတ်လမ်းက စခဲ့လေသည်။

“ ဟာ - ဟေ့ ဟေ့၊ ဘယ်လိုဖြစ်တာလဲဟ ” တစ်ယောက်က ထအော်၏ဒ သီချင်းသံများရပ်သွား ပြီး ခေါင်းတွေ အပြင်ထွက်ကြည့်ကြသည်။ ကျွန်တော်လည်း ကြည့်မိ၏။ ကြည့်ရင်း ဟိုက်ခနဲဖြစ်သွားသည်။

ကားတန်းကြီးက တပ်ရင်းရှိရာ တပ်မင်ချောင်းဘက်မသွားဘဲ ဘူးသီးတောင်မြို့ဘက် ဆက်သွား နေသည်လေ။ အံ့သြနေဆဲမှာပင် ကားက မြို့အ၀င်နားက ဘောလုံးကွင်းရှေ့မှာ ရပ်သွား၏။

“ အောင်ပွဲရတပ်မတော်သားများ ကျန်းမာပါစေ၊ တိုက်ပွဲတိုင်းမှာ အောင်မြင်ပါစေ ”

ကျွန်တော် ကြက်သီးဖြန်းဖြန်းထသွားသည်။ ကြည့်လိုက်တော့ ကျောင်းသူကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ ၀န်ထမ်းတွေ၊ ပြည်သူတွေ အို - လူတွေမနည်းလှပါလား။ သူတို့လက်ထဲမှာလည်း သပြေပန်း တွေ၊ စံပယ်ပန်းကုံးတွေကိုင်လျက်။ နိုင်ငံတော်အလံ အသေးကလေးတွေလည်း ဝှေ့ရမ်းနေကြသည်။ ငါတို့ ကို ကြိုနေတာပါလား။

“ ကဲ - ရဲဘော်တွေ ကားပေါ်ကဆင်းကြ၊ ဆင်းကြ၊ ကွင်းထဲကို တစ်ယောက်ချင်း ချီတက်ကြမယ်၊ အကုန်ဆင်းကြ၊ ဆင်းကြ ”

တပ်ရင်းအရာခံဗိုလ် ဆရာကြီး ရင်မောင်နှင့် တပ်ရဲများက လိုက်လံဆော်သြနေသည်။ နောက်တန်း မှူးနှင့် ရဲဘော်များ၊ မိသားစုများလည်း လာရောက်ကြိုဆိုကြတာတွေ့ရသည်။ ကျွန်တော်တို့ ကားပေါ်မှ ပျော်ပျော်ပါးပါးခုန်ဆင်းကြသည်။ ပြီးလျှင် တစ်ယောက်ချင်းတန်းစီပြီး ကွင်းထဲသို့ ချီတက်ကြသည်။

ကြိုဆိုသူများက အောင်သပြေတွေကမ်းကြ၊ ပန်းကုံးစွပ်ကြ၊ သကြားလုံးများ ခွံ့ကျွေးကြသည်။ အိုး စည်ဒိုးပတ်သံတွေကလည်း မြိုင်ဆိုင်လှသည်။ ကွင်းထဲမှာ တန်းစီလူစစ်ပြီးနောက် တပ်ရင်းမှူးက ရှေ့တန်း ပြန် ဂုဏ်ပြုစကားပြောသည်။ ထို့နောက် -

“ ကဲ - အခုအချိန်ကစပြီး တပ်ထောက်ဗိုလ်ကြီးနဲ့အဖွဲ့က မင်းတို့ကို အာမီရမ်တစ်ပုလင်းစီနဲ့ ခေါက် ဆွဲကြော်တစ်ထုပ်စီ လိုက်ဝေပေးလိမ့်မယ်၊ သဘောကျတယ်မဟုတ်လား ”

“ သဘောကျပါတယ် ”

“ အေး - ငါလည်းသဘောကျတယ်၊ ဒီတော့ ပျော်ပျော်ပါးပါးနဲ့ ငါတို့ရဲ့အောင်ပွဲကို နွှဲလိုက်ကြစို့၊ တစ်ခုတော့မှာချင်တယ်၊ အရမ်းကြီးမူးအောင်တော့ မသောက်ကြနဲ့ဟေ့ ၊ ကဲ - တန်းဖြုတ်တော့ ”

တန်းဖြုတ်အပြီးမှာ တပ်ခွဲအလိုက် စားစရာ ၊ သောက်စရာများဝေပေးသည်။ “ ရော့ - ခေါက်ဆွဲ ကြော် ၊ ဒါက အာမီရမ်တစ်ပုလင်း ၊ ကုန်အောင်မသောက်ကြနဲ့ ၊ ချန်ထားအုံး ”

“ ဟာ - ဘယ်လိုကြီးလဲဟ ” အာမီရမ်ပုလင်းကို ကြည့်ပြီး အားလုံးအံ့သြသွား၏။ စကားသံတွေ ဆူညံကုန်၏။ အာမီရမ်ပုလင်းကိုကြည့်ပြီး ငိုရမလို ၊ ရယ်ရမလို ဖြစ်သွားသည်။ ကြည့်ပါဦး။ အာမီရမ်ပုလင်းက ပင်နီဆလင်ဆေးပုလင်းကလေးနှင့် ထည့်ထားတာရယ်။ အရက်က ပက်ဝက်စာပင်ရှိရဲ့ လားမသိ။ ခေါက်ဆွဲကြော်ကတော့ အမှန်အကန်တစ်ထုပ်ဖြစ်ပါသည်။ အာမီရမ်ကသာ ......။

ဒါကိုပင် တပ်ရင်းမှူးက -

“ ငါ့ကောင်တွေမူးကုန်မယ် သိမ်မသောက်ကြနဲ့ ” ဟု လှမ်းနောက်သည်။ ရယ်သံတွေဆူညံသွား သည်။ အာစွတ်ရုံမျှ အရက်ကိုသောက်ပြီး မူးချင်ဟန်ဆောင်သော ရဲဘော်များလည်းရှိသေး၏။ ပွကြီးနဲ့ ချိုကြီးက အကဲဆုံး။ ဒယီးဒယိုင်ဖြင့် ရေအိုင်ထဲ ပစ်လှဲချပြီးမထ။ မူးသံကြီးဖြင့် ပေါက်တတ်ကရတွေ၊ လုပ်ပြ နေတာကိုကြည့်ပြီး ကျွန်တော်တို့ အူနှိပ်ရယ်ကြသည်။ မိုးကတော့ တဖွဲဖွဲရွာနေလေရဲ့ ။

x x x x
ဒုတိယပိုင်းမျှော်

No comments:

Post a Comment