Monday, January 4, 2016

သတိရပေးပါ ချစ်သူ...

သတိရပေးပါ ချစ်သူ...

ချစ်သူ… ငါ့ကို ဒေါသတကြီး အော်ဟစ်ပြောခါနီးတိုင်း တစ်ချိန်က ငါတို့ပြောခဲ့ဖူးတဲ့ ချစ်စကားလေးတွေကို သတိရပေးပါ။
ဒီလို ကြမ်းတမ်းခြင်းတွေကို ငါ မခံစားနိုင်လို့ပါ။

ချစ်သူ… ငါ့ကို စိတ်ဆိုးပြီး ဖုန်းပိတ်ထားတာမျိုး၊ မက်ဆေ့ခ်ျ မပြန်တာမျိုး မလုပ်ခင် တစ်ချိန်က ညလုံးပေါက်ဖုန်းပြော ကြည်နူးခဲ့ကြတာကို သတိရပေးပါ။
ဒီလို လျစ်လျူပြုတာတွေကို ငါ မခံစားနိုင်လို့ပါ။

ချစ်သူ… ငါ့ကွယ်ရာမှာ တခြားသူတွေနဲ့ ရောနှောနီးကပ်စွာနေခါနီးတိုင်း တချိန်က ငါတို့အတူ ထားခဲ့ကြတယ် ကတိသစ္စာစကားကို သတိရပေးပါ။
ဒီလို ပူလောင်မှုတွေကို ငါ မခံစားနိုင်လို့ပါ။

ချစ်သူ… ငါက နားလည်မှုမရှိဘူးလို့ ထင်တဲ့အခါတိုင်း ကနေ့အထိ အလျော့ပေးခဲ့တဲ့ ငါ့ရဲ့လိုက်လျောမှုတွေကို သတိရပေးပါ။
ဒီလို လွဲတဲ့နားလည်ခြင်းတွေကို ငါ မခံစားနိုင်လို့ပါ။

ချစ်သူ… ငါက ရစ်တယ်လို့ ခံစားမိတဲ့အခါတိုင်း တစ်ချိန်က မင်း နှစ်သက်ခဲ့တဲ့ ငါ့ရဲ့ စိုးရိမ်ခြင်းတွေကို သတိရပေးပါ။
ဒီလို ဆုံးရှုံးမှုတွေကို ငါ မခံစားနိုင်လို့ပါ။

ချစ်သူ… ငါ့ကို အရွဲ့တိုက်မယ်ကြံတိုင်း တစ်ချိန်က မင်း နောက်ပြီးပြောတာလေးကိုတောင် မျက်ရည်ဝဲခဲ့ဖူးတာကို သတိရပေးပါ.
ဒီလို စိမ်းကားခြင်းမျိုး ငါ မခံစားနိုင်လို့ပါ။

ချစ်သူ… ငါ့ကို လမ်းခွဲသွားဖို့ တွေးတဲ့အခါတိုင်း တစ်ချိန်က ငါတို့ အတူ ကြိုးစားတည်ဆောက်ကြမယ့် စိတ်ကူးယဉ်အနာဂတ်လေးကို သတိရပေးပါ။
ဒီလို ရက်စက်ခြင်းမျိုး ငါ မခံစားနိုင်လို့ပါ။

ချစ်သူ…. ဒီလိုမျိုးသာ တစ်ယောက်ကိုတစ်ယောက် အမြဲဖြည့်ဆည်း တွေးတောသတိရ ပေးမယ်ဆိုရင် နားလည်ခြင်းတွေ ခွင့်လွှတ်ခြင်းတွေ သစ္စာတရားတွေ ပြည့်ဝလို့ ငါတို့နှစ်ယောက် ဘယ်တော့မှမဝေးဘူးလို့ ငါယုံတယ်။

✌✌✌

#စိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)

Admin  ;  PaYinn

No comments:

Post a Comment