Monday, January 25, 2016

စောက်ကမြင်းမ မျက်စိနှစ်လုံးပွင့်ကတည်းက အဲ့ဒါပဲပွတ်နေ"

"စောက်ကမြင်းမ မျက်စိနှစ်လုံးပွင့်ကတည်းက အဲ့ဒါပဲပွတ်နေ"
ဒါ အမေလုပ်သူက သမီးဖြစ်သူ ညွန့်ညွန့်စိန်ကို မနက်တိုင်း ကြိမ်ဆဲနေကြစကား...
အမေဆဲလည်း ဆဲချင်စရာ...ညွန့်ညွန့်စိန်တစ်ယောက် မနက်နိုးပြီဟေ့ဆိုတာနဲ့ မျက်နှာမသစ်၊ သွားမတိုက်၊ ချေးမပါ၊ သေးမပေါက်ဘဲ ဒါကိုပဲ ကြည့်ကြည့်ပြီး ပွတ်ပွတ်နေတာ လေး၊ ငါးနှစ်လောက်တောင်ရှိပေါ့...
အဲ...ညွန့်ညွန့်စိန် ပွတ်ပွတ်နေတဲ့ "ဒါ"ဆိုတာ ဘာဆိုတာကို ခင်ဗျားတို့ တွေးမိမှာပေါ့...
ဟုတ်ပါတယ်၊ ဖုန်းပါ၊ ဖုန်းမှာမှ တက်စခရင်ဖုန်းပါ...
အမေလုပ်သူက ဒီတက်စခရင်ဖုန်းကို ဖြစ်နိုင်ရင် ကိုင်ပေါက်ခွဲပစ်ချင်နေတယ်ဆိုတာ မပြောနဲ့တော့...
ဟုတ်တယ်လေ တစ်နေ့တစ်နေ့ ဘာအလုပ်မှ လက်ကြောတင်းအောင်မလုပ်ဘဲ
ဒီဖုန်းကြည့်ပြီး ပြုံးလိုက်...
ဒီဖုန်းကြည့်ပြီး မဲ့လိုက်...
ဒီဖုန်းကြည့်ပြီး ရယ်လိုက်...
ဒီဖုန်းကြည့်ပြီး ငိုလိုက်...
ဒီဖုန်းကြည့်ပြီး ဟင်ခနဲဖြစ်သွားလိုက်...
ဒီဖုန်းကြည့်ပြီး ဘုရားတလိုက်နဲ့...
အမယ် တစ်ခါတစ်လေကျဖုန်းကြည့်ပြီး လက်အုပ်လေးချီလို့ ရှိခိုးနေတာ...သူငယ်ချင်းတစ်ယောက် ဘုရားပုံလေး တင်ထားတာ သပ္ပာယ်လို့ဆိုပဲ...
တစ်ခါတစ်လေတော့လည်း ညွန့်ညွန့်စိန်တစ်ယောက် ဖုန်းကြည့်ပြီး ဒေါသထွက်နေတာ...ဒီအစိုးရ လုပ်ရက်လိုက်တာတဲ့...
ဒါထက် ညွန့်ညွန့်စိန် ဖုန်းကြည့်ပြီး ပွတ်တဲ့အခါ ဘာကို အပွတ်ဆုံးလို့ထင်လဲ...
ဟုတ်ပါတယ်...ဖေ့စဖုတ်ပါ...
အားအားရှိ ထုံးစံအတိုင်း ဒါပဲပေါ့...
ဒါပေမဲ့ ညွန့်ညွန့်စိန်က နပ်တယ်နော်...
ဖေ့စဖုတ်ပေါ်က သူ့နာမည်ကို ညွန့်ညွန့်စိန်လို့ ဘယ်ပေးမတုံး...
ဒီလိုပေးလိုက်ရင် ဘယ်သကောင့်သားမှ သူ့ကို လာအပ်မှာမဟုတ်သလို၊ ဘယ်သူကမှလည်း လိုက်လုပ်မှာ မဟုတ်ဘူးလေ...
ဒီတော့ ဖေ့စဖုတ်ရဲ့ဂျောကို ကောင်းကောင်းသိထားတဲ့ ညွန့်ညွန့်စိန်က သူ့ရဲ့အကောင့်နာမည်ကို ဒီလိုပေးလိုက်တယ်...
"ခရုအိန်ဂျယ်လး"တဲ့ ဘိုလိုရေးတော့ "Cute angel lay"ပေါ့...
ဒီလိုပေးလိုက်တော့မှ လာအပ်ကြတဲ့ ပုရိသတွေဆိုတာ သောက်သောက်လဲ...
တင်ထားတဲ့ပရိုဖိုင်ကိုလည်းကြည့်ဦးလေ...
တစ်ထိုင်တည်းရိုက်ထားတဲ့ ဓာတ်ပုံပေါင်း ၂၉၈ ပုံထဲကမှ တစ်ပုံကို ရွေးပြီး၊ ဟိုနားရွဲ့ ဒီနားစောင်းနေတဲ့ မျက်နှာကို အပ်ပလီကေးရှင်းပေါင်း သောင်းခြောက်ထောင်လောက်နဲ့ ရှယ်ပြင်ပြီး သေချာတင်ထားမှတော့ ဘာပြောကောင်းမလဲ...တစ်ခါတည်း ဆယ်လီဖြစ်သွားတာပေါ့...
အဲ ညွန့်ညွန့်စိန်တို့ ဖေ့စဖုတ်ပေါ်မှာ ကျော်ကြားပုံက မပြောပါနဲ့တော့...
မနက်က စတေးတပ်တစ်ခုတင်တယ်...
စာသားက သိပ်များများ မပါဘူး၊ နှစ်လုံးတည်း...
"ရော့...အင့်"တဲ့ နှစ်လုံးတည်းရေးတင်တာ
"ရော့...အင့်" ဖီလင် စက်ပရိုက်ဆိုပြီး...
ဒါကို တစ်နာရီအတွင်း လိုက်လုပ်သူ ငါးရာ့လေးဆယ်...
ကွန်းမန့်ရေးသူ ရှစ်ဆယ့်ခြောက်ယောက်...
ပြန်ရှဲသူက တစ်ရာ့နှစ်ဆယ့်သုံး...
အဲ့လိုအောင်မြင်တာ...
တစ်ခါကများဆို ညွန့်ညွန့်စိန်ကို ဖေ့စဖုတ်ပေါ်ကနေ ကြိတ်ကြွေနေတဲ့ ဗလမင်းထင်ကိုကိုဆိုတဲ့ ချာတိတ်လေးရဲ့ "သားလှလားဟင်"ဆိုတဲ့ ပြူးတူးပြဲတဲဓာတ်ပုံအောက်မှာ ဝင်ပြီး "မဆိုးပါပု ခ်ခ်" ဆိုပြီး ဝင်မန့်လိုက်တာ ဗလမင်းထင်ကိုကိုခင်ဗျာ ကွန်းမန့်ကိုကြည့်ပြီး ပျော်လွန်းလို့ ထပြေးလိုက်တာ ကားအက်စီးဒင့်ကိုဖြစ်ရော...
အဲ့လို ကျော်ကြားတာ ညွန့်ညွန့်စိန်က...
နောက်ပြီး ညွန့်ညွန့်စိန်တို့က ဟိုတယ်ကောင်းကောင်း၊ စားသောက်ဆိုင်ကောင်းကောင်းရောက်ပြီဟေ့ဆို အိမ်သာထဲကကိုထွက်မလာတော့ဘူး၊ ဘာဝင်လုပ်တာလဲဆိုတော့ ဓာတ်ပုံရိုက်တာပါ၊ ပရိုဖိုင်ကောင်းကောင်းရဖို့...
ခေါင်းလေးကိုစောင်းလိုက်...
ပါးလေးကိုဖောင်းလိုက်...
လက်နှစ်ချောင်းကိုထောင်လိုက်...
ပါးစပ်ကိုဖြဲလိုက်၊ နှုတ်ခမ်းကိုဆူလိုက်...
ပြုံးပြလိုက်၊ ပြူးပြလိုက်၊ ရွဲ့ပြလိုက်၊ မဲ့ပြလိုက်နဲ့
နောက်ဆုံး ပုံပေါင်း တစ်ရာကျော်ရိုက်မှ သုံး၊ လေးပုံပဲ စိတ်ကြိုက်ရတယ်ဆိုပါတော့...
အစားအသောက်တစ်ခုခုမှာပြီဟေ့ဆိုလည်း ဒီလိုပဲ...
သူငယ်ချင်းတွေမှာ စားစရာတွေ ရှေ့ရောက်နေတာကို မစားရသေးဘူး၊ ဘာလုပ်တာလဲဆိုတော့ မစားခင်မှာ စားစရာတွေကို နတ်တင်သလိုပဲ...
သေချာနေရာချ၊ ဈေးပိုကြီးတဲ့ စားစရာတွေကို အလယ်မှာထား ပြီးမှ ဓာတ်ပုံသေချာရိုက်...
ရိုက်နေရင်း သူငယ်ချင်းတစ်ယောက်ကိုတောင် ညွန့်ညွန့်စိန်က လှမ်းပြီးမာန်လိုက်သေးတယ်...
"ဟဲ့ ကောင်မ နင်နည်းနည်းနောက်ဆုတ်စမ်း ကင်မရာထဲမှာ နင့်လက်ကြီးပါနေတယ်"
ဒီလိုပြောတော့ ဟိုက ကိုယ်ကိုအသာလေးယို့ပေးရတယ်...
ပြီးမှ ဖီလင်...ယမ်မီယမ်မီပေါ့...
နောက်ပြီး ညွန့်ညွန့်စိန်မှာ လက်သုံးစကားတစ်ခုရှိပါတယ်...
ဘာလဲဆိုတော့ "တစ်ခါ like ဖူး သူ့ကျေးဇူး"ပါ...
ညွန့်ညွန့်စိန်ကလိုက်ရင် ညွန့်ညွန့်စိန်ကို ပြန်လိုက်ရပါမယ်...
ညွန့်ညွန့်စိန်က လိုက်ဗုံးကြဲသွားရင် အကြဲခံရသူက စခရင်ရှော့ရိုက်ရပါမယ်၊ ပြီးမှ ကျေးဇူးပါ၊ 10Q ပါ ဘာညာနဲ့ ကျေးဇူးသိတတ်ရပါမယ်...
မဟုတ်ရင် ညွန့်ညွန့်စိန်ရဲ့အမျက်တော်ရှခြင်းကို ခံရပါမယ်...
အကျိုးဆက်ကတော့ အန်ဖရန့်ပါ၊ ဘလော့ပါ...
ပြီးတော့ ညွန့်ညွန့်စိန်လိုဆယ်လီတွေက သူတို့မသိတာ ဘာမှမရှိပါဘူး...
ဖေ့စဖုတ်ပေါ်မှာ တစ်ခုခုဟော့ပြီဟေ့ဆို ညွန့်ညွန့်စိန်တို့ ထိပ်ဆုံးကပါပါတယ်...
ဟိုတစ်လောက ညွန့်ညွန့်စိန်ရေးတဲ့ နိုင်ငံရေးစတေးတပ်ကိုလည်း ကြည့်ဦးလေ...
"ငပြိန်းတွေသိအောင် ပြောလိုက်ဦးမယ်၊ မသေမချင်းမှတ်ထား ဒီမိုကရေစီဆိုတာ လမ်းမအလည်ခေါင်မှာ သမီးရည်းစားတွေ လွတ်လွတ်လပ်လပ်နမ်းခွင့်ရတာမျိုးကို ခေါ်တာဟဲ့" အဲ အဲ့ဒါ ညွန့်ညွန့်စိန်လို ဆယ်လီတစ်ယောက်ရဲ့နိုင်ငံရေးအတွေးအခေါ်ထက်မြက်ပုံပေါ့...
တစ်လောကများဆို ညွန့်ညွန့်စိန်တို့လုပ်ချလိုက်ပုံက အမေဖြစ်သူကို သတိလစ်ပြီး ဆေးရုံပို့ယူရတဲ့အထိလေ...
ဖြစ်ပုံကဒီလို...
အဲ့နေ့က ညွန့်ညွန့်စိန်တစ်ယောက် အိမ်အပြန်နောက်ကျတယ်...
ပြန်ရောက်လာတော့ မျက်နှာက မအီမသာ...
အင်မတန် စိတ်ဓာတ်ကျပြီး သေချင်စော်နံနေတဲ့ပုံ...
အဲ့တော့ အမေလုပ်သူက မေးတာပေါ့...
"ငါ့သမီး ဘာဖြစ်လာလဲ အမေ့ပြောစမ်း"
"ဟာ မသိချင်ပါနဲ့ အိုမားရာ၊ သမီးဖြင့် သတ်သေချင်လွန်းလို့ပါ"
"ဟဲ့ ငါရင်တုန်လိုက်တာ ညွန့်ညွန့်စိန်ရယ်၊ ပြောစမ်းပါ၊ ဘာဖြစ်လာတာလဲလို့"
"ဟိုလေ လမ်းထိပ်အပေါင်ဆိုင်က ဦးမိုက်ကယ်ရဲ့သား၊ ဂျော်နီပေါ့"
"အေး အဲ့ဂျော်နီ ဘာဖြစ်လဲ၊ ညတိုင်းမူးနေတဲ့ကောင်လေ၊ နင့်ကိုဘာလုပ်လိုက်လဲ၊ မြန်မြန်ပြောစမ်း"
"အဲ့ကောင် သ...သမီးကို တက်...တက်လုပ်လိုက်လို့ အိုမားရေ၊ ခုနကတင် တက်လုပ်လိုက်လို့ သမီး အရမ်းစိတ်ညစ်နေတာ"
"ဘာ နင့်ကို ဂျော်နီက တက်လုပ်တယ် ဟုတ်လား"
"အင်းလေ ဒီနေ့နဲ့ပါဆို သမီးကို အဲ့ကောင် တက်လုပ်တာ ခြောက်ခါရှိသွားပြီ၊ သေချာကိုမှတ်ထားတာ၊ ဘယ်တော့မှ မမေ့ဘူး"
"မြတ်စွာဘုရား"
ဒီလိုနဲ့ အမေဖြစ်သူ သတိလစ်ပြီး ဆေးရုံရောက်သွားတာ သတိပြန်လည်ဖို့ မနည်းလုပ်ယူရတယ်...
သတိပြန်ရလာမှ ညွန့်ညွန့်စိန်တစ်ယောက် အမေလုပ်သူကို မနည်းရှင်းပြရတယ် (tag)တက်လုပ်တယ်ဆိုတာ ဘာဆိုတာကို...
အဲ့တော့မှ အမေဖြစ်သူမှာ ဟင်းချနိုင်ပြီး တစ်ခွန်းတည်း ပြန်ပြောတယ်...
"အမယ်လေးတော် တကယ်တည်း စောက်ကျိုးနည်း"...

ရှိသေးတယ်၊ ရှိသေးတယ် ညွန့်ညွန့်စိန်တို့ ဖေ့စဖုတ်ပေါ်က အလွဲတွေ၊ နောက်မှ ဖောက်သည်ချဦးမယ်...

Wai Phyo Maung
22.1.2016

No comments:

Post a Comment